မီဇိုရမ်ပြည်နယ်အစိုးရသည် တောင်သူများအား ကူညီပံ့ပိုးရန်အတွက် ဒေသတွင်းထွက်ရှိသော အဓိကသီးနှံလေးမျိုးဖြစ်သည့် ချင်း(ဂျင်း)၊ နနွင်း၊ တံမြက်စည်းကျော (Broomstick)နှင့် ငရုတ်သီးတို့ကို ဖေဖော်ဝါရီလမှ စတင်၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မီဇိုရမ်စိုက်ပျိုးရေးဈေးကွက်ရှာဖွေရေးဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ K C Lalmalsawmzauva က တောင်သူများထံမှ ချင်း(ဂျင်း)ကို ဖေဖော်ဝါရီလမှ မေလအထိလည်းကောင်း၊ တံမြက်စည်းကျောကို ဖေဖော်ဝါရီလမှ မတ်လအထိလည်းကောင်း၊ နနွင်းနှင့် ငရုတ်သီးတို့ကို ဖေဖော်ဝါရီလမှ ဧပြီလအထိ လည်းကောင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း ယခုလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
အစိုးရသည် စပါးဝယ်ယူမှုကို နိုဝင်ဘာလကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး လာမည့်မတ်လအထိ ဆက်လက်ဝယ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်၏ 'Bana Kaih' (ခေါ်) လက်တွဲကူညီမှုအစီအစဉ်(Handholding scheme)ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သူ K C Lalmalsawmzauva က ပြည်နယ်၏ အဓိကစီမံကိန်းအောက်တွင် ဝယ်ယူမည့် သီးနှံတစ်ခုချင်းစီအတွက် အမြင့်ဆုံးအထောက်အပံ့ပေးမည့်ဈေးနှုန်းများ(Maximum support price)ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချင်း(ဂျင်း)အတွက် အမြင့်ဆုံးအထောက်အပံ့ပေးမည့်ဈေးနှုန်းကို ၁ ကီလိုဂရမ်လျှင် ရူပီး ၅၀၊ တံမြက်စည်းကျောအတွက် ရူပီး ၈၀၊ ငရုတ်သီးအတွက် ရူပီး ၃၅၀ အဖြစ်သတ်မှတ်ထားပြီး နနွင်းနှင့် စပါးအတွက် အထောက်အပံ့ပေးမည့် ဈေးနှုန်းများကို ၁ ကီလိုဂရမ်လျှင် ရူပီး ၂၀ နှင့် ရူပီး ၃၀ အသီးသီးသတ်မှတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါဝယ်ယူမှုများကို ပြည်နယ်တစ်ဝန်းရှိ ဒုတိယအဆင့် စုဆောင်းရေးစင်တာအားလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါအဓိကသီးနှံ ၅ မျိုး ကိုဝယ်ယူခြင်းသည် ဝန်ကြီးချုပ် Lalduhoma ဦးဆောင်သော Zoram People's Movement အစိုးရ၏ရွေးကောက်ပွဲ ကတိကဝတ်များထဲမှ တစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။
အစိုးရသည် လွန်ခဲ့သည့်နှစ်အတွင်းက ချင်း(ဂျင်း)ဝယ်ယူမှုအတွက် အထောက်အပံ့ ပေးသည့် ဈေးနှုန်းအဖြစ် ရူပီး ၁၃၇ ဒသမ ၇၂ ကုဋေခန့်သုံးစွဲခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါနှစ်အတွင်းမှာပင် တောင်သူများထံမှ ရူပီး ၂ ကုဋေနီးပါးတန်ဖိုးရှိသော တံမြက်စည်းကျော ၄၈,၆၀၂ ဒသမ ၂၉ ကွင်တယ် (၁ ကွင်တယ်လျှင် ၁၀၀ ကီလိုဂရမ်)နှင့် ရူပီး သိန်း ၅၀ ခန့်တန်ဖိုးရှိသော စပါး ၁,၄၀၀ ကွင်တယ်(၁ ကွင်တယ်လျှင် ၁၀၀ ကီလိုဂရမ်)ကျော်ကိုလည်း ဝယ်ယူခဲ့ကြောင်း သိရသည်။
Source: The Hindustan Times, Mizoram govt to begin procurement of four key crops from February under flagship programme| India News, January 23, 2026.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)