International News

အင်ဒိုနီးရှားနိုင်ငံက အိန္ဒိယနိုင်ငံမှ တရားမဝင်မြေပဲတင်သွင်းမှုများကို အရေးယူနှိမ်နင်း

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များအား တရားမဝင်မှောင်ခိုတင်သွင်းမှုကို အကြီးစားနှိမ်နင်းမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး Tanjung Balai Karimun ဆိပ်ကမ်းတွင် အနည်းဆုံးသင်္ဘော ၁၀ စီးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။ အဆိုပါဖမ်းဆီးရမိသော ကုန်စည်များတွင် ဆန်တန်ချိန် ၁ ဒသမ ၄၅ သန်း၊ သကြားနှင့် ဟင်းခတ်အမွှေးအကြိုင်အမြောက် အမြားနှင့် မြေပဲတန်ချိန် ၁,၇၀၀ ခန့်ပါဝင်ကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံမှ တင်ပို့သူများသည် ကုန်သွယ်မှုကန့်သတ်ချက်များကို ရှောင်လွှဲလျက်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခု ကဲ့သို့အရေးယူနှိမ်နင်းမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံမှ မြေပဲတင်သွင်းမှုကိုမှိုဆိပ် (Aflatoxin) ပါဝင်မှုနှုန်းမြင့်မားခြင်းကြောင့် ယခင်က ဆိုင်းငံ့ထားခဲ့ပြီး နောက်ပိုင်းတွင် တစ်သန်းပုံ ၁၅ ပုံ(15 PPB)ဟူသော တင်းကျပ်သည့်ကန့်သတ်ချက်ဖြင့်သာပြန်လည်တင်သွင်းခွင့်ပြုခဲ့ကြောင်းနှင့် အိန္ဒိယတင်ပို့သူများသည် ရာသီမဟုတ်ဘဲမိုးရွာသွန်းမှုကြောင့် သီးနှံများပျက်စီးခဲ့ရသဖြင့် အဆိုပါစံနှုန်းများကို လိုက်နာရန် ခက်ခဲလာသောကြောင့် တရားမဝင်လမ်းကြောင်းများကို ပြောင်းလဲအသုံးပြုခဲ့ကြကြောင်း သိရသည်။

မှောင်ခိုတင်သွင်းသူများသည် မလေးရှားနိုင်ငံရှိ ကလန်းဆိပ်ကမ်း(Port Klang)မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ၏ ဒူမိုင်းဆိပ်ကမ်း(Dumai port)သို့ ကုန်တင်တွဲသင်္ဘော(Barge)များအသုံးပြု၍ ပို့ဆောင်နေကြကြောင်းသိရသည်။ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသို့ မြေပဲတင်ပို့မှု သိသိသာသာကျဆင်းသွားသော်လည်း မလေးရှားနိုင်ငံသို့ တင်ပို့မှုမှာမူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် တန်ချိန် ၆,၀၀၀ မှ တန်ချိန် ၁၅,၈၀၀ အထိမြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။ နိုဝင်ဘာလတစ်လတည်းတွင်ပင် တရားဝင်လမ်းကြောင်းမှ ကွန်တိန်နာ ၈၀ သာဝင်ရောက်ခဲ့သော်လည်း တရားမဝင်လမ်းကြောင်းမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ ကွန်တိန်နာ ၈၂၅ လုံးဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

ယခုကဲ့သို့တရားမဝင်ကုန်စည်များအလုံးအရင်းဖြင့် ဝင်ရောက်လာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းကုန်စည်ဈေးနှုန်းများကျဆင်းသွားခဲ့ကြောင်းသိရသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်း၏ပို့ကုန် များကို အားသာချက်ရရှိစေရန်အတွက် အိန္ဒိယနိုင်ငံ၏ထွက်ကုန်များအပေါ် အရည်အသွေးဆိုင်ရာစံနှုန်းများကို တင်းကျပ်ရန် အာဆီယံနိုင်ငံများအား ဖိအားပေးနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် အခြေ အနေမှာ ပိုမိုရှုပ်ထွေးလာကြောင်းနှင့် အဆိုပါအကြောင်းအရင်းကြောင့် ထိုင်းနိုင်ငံသည်လည်း အိန္ဒိယမြေပဲတင်သွင်းမှုကို ဆိုင်းငံ့ထားခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ပုံမှန်အားဖြင့် အိန္ဒိယနိုင်ငံ၏မြေပဲတင်ပို့မှု စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကျော်ရှိသော ဈေးကွက်တစ်ခုဖြစ်သဖြင့် ယခုအခြေအနေသည် စီးပွားရေးအရကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။

Source:    The Hindu Businessline, Indonesia cracks down on illegal Indian groundnut imports, January 20, 2026.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)

Category: International News