International News

စင်ကာပူ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဆိုက်ဘာ လုံခြုံရေးအတွက် ဆိုက်ဘာကာကွယ်ရေးအစီအစဉ်

Last Updated:

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး Tan Kiat How က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၌ ပြုလုပ်ခဲ့သည့် SME Go Digital Day 2025 တွင် Singtel ၊ Enterprise Singapore နှင့် Infocomm Media Development Authority (IMDA)တို့ပူးပေါင်း၍ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ၏ ဆိုက်ဘာလုံခြုံရေးအားကောင်းစေရန် အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုတစ်ခုအဖြစ် Singtel Cyber Protect Programme ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

စင်ကာပူဆိုက်ဘာလုံခြုံရေးအေဂျင်စီက ထုတ်ဝေခဲ့သည့် စင်ကာပူဆိုက်ဘာလုံခြုံရေးအစီရင်ခံစာ ၂၀၂၃ အရ(Singapore Cybersecurity Health Report 2023)ဆန်းစစ်ချက်ဖြေဆိုခဲ့သည့် ကုမ္ပဏီများ၏ ၄၀ ရာခိုင်နှုန်းကျော်မှာ တစ်နှစ်လျှင် ဆိုက်ဘာလုံခြုံရေးဖြစ်ရပ်များကို ကြုံတွေ့ရကြောင်း၊ ၅ ရာခိုင်နှုန်းမှာ နေ့စဉ်အကြိမ်များစွာ တိုက်ခိုက်မှုခံရကြောင်း တွေ့ရှိရပါသည်။ ထိုသို့သောဖြစ်စဉ်များသည် စီးပွားရေးထိခိုက်ခြင်း၊ အချက်အလက်များပျောက်ဆုံးခြင်း၊ ဂုဏ်သတင်းထိခိုက် ခြင်းများကို ဖြစ်စေပါသည်။ လုပ်ငန်းများသည် ဆိုက်ဘာလုံခြုံရေးအတွက် အကြံပြုချက်များ၏ ၇၀ ရာခိုင်နှုန်းခန့်သာ အကောင်အထည် ဖော်ဆောင်ရွက်ကြကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှာ မကြာခဏတိုက်ခိုက်ခံရကြောင်းတွေ့ရှိရပါသည်။

Singtel Cyber Protect Programme သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဆိုက်ဘာတိုက်ခိုက်မှုကို သိရှိနိုင်ရန်၊ ဆိုက်ဘာကာကွယ်ရေးအလေ့အကျင့်များချမှတ်ဆောင်ရွက် နိုင်ရန်၊ ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် လုံခြုံရေးကိစ္စရပ်များကို အဆင့်မြှင့်နိုင်ရန်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါအစီ အစဉ်သည် စင်ကာပူနိုင်ငံ၏ ဒီဂျစ်တယ်ယှဉ်ပြိုင်နိုင်မှုကို ခိုင်မာစေရန်၊  အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဆန်းသစ်တီထွင်နိုင်စွမ်းရှိစေရေးနှင့် လုပ်သားအင်အား၏ ကျွမ်းကျင်မှုကို အဆင့်မြင့်တက်စေရေး ကူညီပေးခြင်းဖြင့် စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရန် ရည်ရွယ်ပါသည်။

Singtel Cyber Protect Programme တွင် Mobile Protect ၊ Broadband Security နှင့် Cybersecurity Learning Resources တို့ပါဝင်မည်ဖြစ်ပါသည်။ Mobile Protect ဖြင့် ဉာဏ်ရည်တု(AI)ဖြင့် ဆိုက်ဘာခြိမ်းခြောက်မှုများကို သိရှိဖယ်ရှားနိုင်မည်ဖြစ်ပြီး Broadband Security သည် အသုံးပြုသူများကို အွန်လိုင်းမှ ခြိမ်းခြောက်မှုများကို ကာကွယ်ပေးမည်ဖြစ်ပါသည်။ Cybersecurity Learning Resources တွင် ပညာပေးအချက်အလက်များ၊ ပစ္စည်းကိရိယာများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဆိုက်ဘာတိုက်ခိုက်မှု အသိရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများပါဝင်မည်ဖြစ်ပါသည်။

စိတ်ပါဝင်စားသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ Singtel Cyber Protect Programme သို့မဟုတ် IMDA ၏ CTO-as-a-Service တို့မှတစ်ဆင့် ဝင်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အကျုံးဝင်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုသည်မှာ စင်ကာပူနိုင်ငံတွင် ဖွဲ့စည်းမှတ်ပုံတင်ထားပြီး စင်ကာပူနိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ရရှိသူတို့က အစုရှယ်ယာအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်သည့်ကုမ္ပဏီ၊ နှစ်စဉ်ရောင်းချမှု စင်ကာပူဒေါ်လာ သန်း ၁၀၀ သို့မဟုတ် အလုပ်သမားဦးရေ ၂၀၀ အောက်ရှိသည့်ကုမ္ပဏီဖြစ်ပါသည်။

ရင်းမြစ်။        Enterprise Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News