International News

တရုတ်နိုင်ငံသည် မြေရှားသတ္တုတင်ပို့မှုထိန်းချုပ်ခြင်းကို ကာကွယ်ပြောဆိုကာ ကွဲပြားမှုများကို ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရန် အမေရိကန်ကို တိုက်တွန်းခဲ့

Last Updated:

တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြေရှားသတ္တုနှင့် ဆက်စပ်ပစ္စည်းများအပေါ် ပို့ကုန်ထိန်းချုပ်ရေးအစီအမံများကို တရားဝင်လုပ်ဆောင်ချက်အဖြစ် ကာကွယ်ပြောဆိုခဲ့ပြီး အပြန်အလှန်လေးစားမှုနှင့်တန်းတူညီမျှဆွေးနွေးညှိနှိုင်းမှုအပေါ်အခြေခံကာ ကွဲပြားမှုများကို ဖြေရှင်းရန် အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း Xinhua သတင်း၌ ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးကို ကာကွယ်ရန်နှင့် လက်နက်မပြန့်ပွားရေးနှင့် အခြားသော နိုင်ငံတကာတာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်အတွက် မြေရှားသတ္တုနှင့်ဆက်စပ်ပစ္စည်းများကို ဥပဒေနှင့်အညီ ပို့ကုန်ထိန်းချုပ်မှုများကို ကျင့်သုံးခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုသည် ပို့ကုန်တားမြစ်ခြင်းမဟုတ်ကြောင်း၊ အရည်အချင်းပြည့်မီသော လျှောက်လွှာများအတွက် လိုင်စင်များကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အစီအမံများကို ကြေညာခြင်းမပြုမီ တရုတ်နိုင်ငံသည် သက်ဆိုင်ရာနိုင်ငံများနှင့်ဒေသများကို နှစ်နိုင်ငံပို့ကုန်ထိန်းချုပ်ရေး ဆိုင်ရာဆွေးနွေးပွဲယန္တရားများမှတစ်ဆင့် အကြောင်းကြားထားပြီးဖြစ်သည် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ကာကွယ်နိုင်စေရန်အတွက် ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် အမြင်ချင်းဖလှယ်မှုများကို မြှင့်တင်ရန် အခြားနိုင်ငံများနှင့်လက်တွဲလုပ်ဆောင်ရန် အသင့်ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအပေါ် အကောက်ခွန်(၁၀၀)ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခြင်းနှင့် အရေးကြီးသော ဆော့ဖ်ဝဲလ်များအားလုံးကို ပို့ကုန်ထိန်းချုပ်ခြင်းနှင့်စပ်လျဉ်းသည့် အမေရိကန်၏ ကြေညာချက်နှင့် ပတ်သက်သည့်မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံသည် နိုင်ငံတော်လုံခြုံရေးကိုအလွန်အမင်းအသုံးချခြင်း၊ပို့ကုန်ထိန်းချုပ်မှုကို အလွဲသုံးစား လုပ်ခြင်း၊ တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံခြင်းများ ဆောင်ရွက်ခြင်းနှင့် ဆီမီးကွန်ဒက်တာနှင့် ချစ်ပ်ပြားများအပါအဝင် ထုတ်ကုန်အမျိုးမျိုးအပေါ် ကာလရှည်တစ်ဖက်သတ်အစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အထူးသဖြင့် စက်တင်ဘာလ၌ မက်ဒရစ်မြို့တွင် ကျင်းပခဲ့သည့် တရုတ် -အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲတွင် အမေရိကန်က တရုတ်ကိုပစ်မှတ်ထားသည့် တင်းကြပ်သော အစီအမံသစ်များကို စတင်ခဲ့ကြောင်း၊ အမေရိကန်၏လုပ်ရပ်များသည် တရုတ်နိုင်ငံ၏အကျိုးစီးပွား ကို ဆိုးရွားစွာထိခိုက်ခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲ၏အငွေ့အသက်ကို ထိခိုက်စေခဲ့သဖြင့် တရုတ်က ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အခွန်တိုးမြှင့်ကောက်ခံသည့် ခြိမ်းခြောက်မှုများသည် တရုတ်နိုင်ငံနှင့်ကိုက်ညီသည့် နည်းလမ်းမဟုတ်ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်သည် တသမတ်တည်းဖြစ် ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲကို မလိုလားသော်လည်း ကြောက်ရွံ့ခြင်းမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး၏ တည်ငြိမ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏မှားယွင်းသော လုပ်ဆောင်ချက်များကို ဆောလျင်စွာပြုပြင်ရန်၊ နိုင်ငံခေါင်းဆောင်များအကြား ဖုန်းခေါ်ဆိုမှု၏ အရေးကြီးသော သဘောတူညီမှုများကို လိုက်နာရန်၊ ခက်ခက်ခဲခဲရရှိထားသည့် ညှိနှိုင်းမှုရလဒ်များကို အလေးထားရန်၊ တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးယန္တရားကို ဆက်လက်အသုံးပြုရန်နှင့် အပြန်အလှန်လေးစားမှုနှင့် တန်းတူညီမျှသော ညှိနှိုင်းဆွေးနွေးမှုအပေါ် အခြေခံ၍ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းကာ ကွဲပြားမှုများကို ညှိနှိုင်းဖြေရှင်းရန် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အကယ်၍ အမေရိကန်က လမ်းမှားကို လျှောက်ရန် တွန်းအားပေးပါက တရုတ်နိုင်ငံသည် ၎င်း၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုကာကွယ်ရန် ပြတ်ပြတ်သားသားအစီအမံများပြုလုပ်လိမ့်မည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://english.news.cn/20251012/d34ee3e265fd43b4a0e1620042504078/c.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News