အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အကောက်ခွန်ဆိုင်ရာ အကြောင်းကြားစာမရရှိသေးသည့်ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် သြဂုတ်လ ၁ ရက်နေ့မှစ၍ သွင်း ကုန်အားလုံးအပေါ် ကောက်ခံသည့်အခွန်(Blanket tariffs) ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
အကယ်၍ ထရန့်အနေဖြင့် ယခုလ ၁၀ ရက်(ကြာသပတေးနေ့)အထိ ပေးပို့ထားသည့် ကနေဒါအပါအဝင် ၂၃ နိုင်ငံသို့ အကောက်ခွန်ဆိုင်ရာအကြောင်းကြားစာများကိုထပ်မံပေးပို့ရန်အစီအစဉ်မရှိပါက အိန္ဒိယနိုင်ငံသည် အကြောင်းကြားစာမရရှိသေးသည့် အခြားနိုင်ငံများနည်းတူ သွင်းကုန်အားလုံးအပေါ် ကောက်ခံသည့်အခွန်ကို သတ်မှတ်ခံရဖွယ်ရှိကြောင်း သိရသည်။
အိန္ဒိယ-အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်ကို သြဂုတ်လ ၁ ရက်နေ့ နောက်ပိုင်းအထိ ပြီးပြတ်အောင်မချုပ်ဆိုနိုင်သေးပါက အိန္ဒိယထုတ်ကုန်များရင်ဆိုင်ရမည့် အကောက်ခွန်နှုန်းထားများသည် အမေရိကန်သမ္မတ၏နောက်ဆုံးခန့်မှန်းချက်အရ ဧပြီလ ၂ ရက်နေ့တွင် ကြေညာခဲ့သော ၂၆ ရာခိုင်နှုန်းတန်ပြန်သွင်းကုန်ခွန်(Reciprocal tariffs)ထက် နိမ့်ကျနိုင်ကြောင်း သိရသည်။
"လူတိုင်းအကြောင်းကြားစာရဖို့ မလိုပါဘူး။ ခင်ဗျားတို့သိပါတယ်။ ကျွန်တော်တို့က အကောက် ခွန်တွေသတ်မှတ်နေတာပါ။ ကျန်ရှိတဲ့နိုင်ငံအားလုံးက ၂၀ ရာခိုင်နှုန်းဖြစ်စေ၊ ၁၅ ရာခိုင်နှုန်းဖြစ်စေပေးဆောင်ရမယ်လို့ ပြောသွားမှာပါ။ အခုပဲ အဲဒါကိုအကောင်အထည်ဖော်သွားမယ်" ဟု ထရန့်က ယခုလ ၁၀ ရက်(ကြာသပတေးနေ့) တွင် အမေရိကန်မီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့ကြောင်းသိရသည်။
အမေရိကန်နိုင်ငံ၏ကုန်သွယ်မှုလိုငွေပြမှုကိုလျှော့ချရန်ရည်ရွယ်၍ ထရန့်က ဧပြီလ ၂ ရက်နေ့တွင် ကုန်သွယ်ဖက်နိုင်ငံများအပေါ် တရားဝင်ထုတ်ပြန်ကြေညာခဲ့သော တန်ပြန်သွင်းကုန်ခွန်(Reciprocal tariffs)ကို ဇူလိုင်လ ၉ ရက်နေ့အထိ ကနဦးရပ်ဆိုင်းထားခဲ့သည်။ သို့သော် သတ်မှတ်ချိန်အတွင်း သဘောတူညီချက်အနည်း ငယ်သာရရှိခဲ့ပြီးနောက် အမေရိကန်အစိုးရက နောက်ဆုံးသတ်မှတ်ရက်ကို သြဂုတ်လ ၁ ရက်နေ့အထိတိုးမြှင့်ခဲ့ကြောင်းသိရသည်။ ယင်းတို့တွင် ယူကေနိုင်ငံ၊ ဗီယက် နမ်နိုင်ငံတို့နှင့် အကန့်အသတ်ဖြင့်သဘောတူညီရရှိခဲ့သော်လည်း အသေးစိတ်မပြီး ပြတ်သေးကြောင်း သိရသည်။
မကြာသေးမီက အမေရိကန်ပြည်ထောင်စုသို့သွားရောက်ခဲ့သော အိန္ဒိယကုန်သွယ် ရေးဆိုင်ရာစေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းကဏ္ဍများအပါအဝင် အမေရိကန်ပြည်ထောင်စု၏ တင်းကြပ်သော တောင်းဆိုမှုများကြောင့် ကြားဖြတ်ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်းမရှိဘဲယခုလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဝါရှင်တန်ဒီစီမှ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအိန္ဒိယစေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် လာမည့်ရက် သတ္တပတ်တွင် ဝါရှင်တန်ဒီစီသို့ ထပ်မံသွားရောက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ သည်။
ကနေဒါနိုင်ငံသည် ပြီးခဲ့သည့်ကြာသပတေးနေ့တွင် အမေရိကန်ပြည်ထောင်စုထံမှ အကောက်ခွန် ဆိုင်ရာ အကြောင်းကြားစာကို နောက်ဆုံးလက်ခံရရှိခဲ့သည့်နိုင်ငံဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့မှစ၍ အကောက်ခွန် ၃၅ ရာခိုင်နှုန်းပေးဆောင်ရန် သတ် မှတ်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါအမေရိကန်ပြည်ထောင်စု၏ အကောက်ခွန်ဆိုင်ရာအသိပေးကြောင်းကြားစာများလက်ခံရရှိခဲ့သည့်အခြားနိုင်ငံများမှာ အယ်လ်ဂျီးရီးယား၊ဘင်္ဂလားဒေ့ရှ်၊ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနား၊ ဘရာဇီး၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျပန်၊ ကာဇက်စတန်၊ လာအို၊ လစ်ဗျား၊ မလေးရှား၊ မော်လ်ဒိုဗာ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဆားဘီးယား၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း နှင့်တူနီးရှားတို့ဖြစ်ကြောင်း သိရသည်။ အများစုမှာ ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော တန်ပြန်သွင်းကုန်ခွန်နှုန်းထားများနှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။
Source: The Hindu Businessline, Trump says those not sent tariff letters may face blanket tariffs of 15% or 20% on Aug 1, July 11, 2025
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)