အာရှဒေသတွင်း ဝယ်လိုအားမြင့်တက်လာမှုနှင့်အတူ အိန္ဒိယနိုင်ငံ၏ ပြောင်းတင်ပို့မှုသုံးနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိရန်ဦးတည်နေကြောင်း မွန်ဘိုင်းအခြေ စိုက်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ပြောင်းတင်ပို့မှုသည် သုံးနှစ်တာကာလအတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိရန်ရှိနေသည်။ ပြည်တွင်း၌ စံချိန်တင်ထွက်ရှိမှုကြောင့် စျေးနှုန်းများကျဆင်းသွားခြင်းနှင့်အာရှဒေသတွင်းအဓိကသွင်းကုန်ကုမ္ပဏီ များအတွက် ရေကြောင်းသယ်ယူပို့ဆောင်ခသက်သာခြင်းတို့ကြောင့် အိန္ဒိယပြောင်းသည် ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားခဲ့သည့်ကိစ္စများကြောင့် ကမ္ဘာ့ရေကြောင်းသယ်ယူပို့ဆောင်ခစရိတ်များ သိသိသာသာမြင့်တက်လာခဲ့ပြီးနောက် ဗီယက် နမ်၊ နေပယ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့သည် ယခုနှစ် ပထမ(၅)လအတွင်း အိန္ဒိယနိုင်ငံထံမှ ပြောင်းကို ပိုမိုတိုးမြှင့်ဝယ်ယူခဲ့ကြသည်။ စိုက်ပျိုးရေးကုန်စည်ကုန်သွယ်မှုလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Olam Agri India ၏ဒုတိယအကြီးအကဲဖြစ်သူ Nitin Gupta က "ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ပြည်ပက ဝယ်လိုအားဟာ တော်တော်လေးကို အားကောင်းခဲ့ပါတယ်။ သယ်ယူပို့ဆောင်ခတွေမြင့်မားလာတာကြောင့် အမေရိကန်နဲ့ တောင်အမေရိကနိုင်ငံတွေကနေ အာရှဝယ်ယူသူတွေဆီ ရောက်ရှိမယ့် ပြောင်းစျေးနှုန်းတွေတက်နေတဲ့အချိန်မှာ အိန္ဒိယရဲ့ပြောင်းစျေးကတော့ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အနေအထားမှာရှိနေခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ယာယီအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ပထမ (၅) လအတွင်း ပြောင်းတင်ပို့မှုပမာဏသည် မက်ထရစ်တန် ၁.၀၈ သန်းအထိရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလက တင်ပို့ခဲ့သည့် မက်ထရစ်တန် ၂၂၈,၈၄၄ တန်နှင့်နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ၂၀၂၆ ခုနှစ်အတွင်း စုစုပေါင်းတင်ပို့မှုသည် မက်ထရစ်တန် ၁.၈ သန်းအထိရှိလာနိုင်ပြီး၊ ၎င်းပမာဏသည် ၂၀၂၃ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးဖြစ်လာမည့်အပြင် ပြီးခဲ့သည့်နှစ်တင်ပို့မှုပမာဏဖြစ်သော ၈၀၅,၉၃၅ တန်နှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုမိုများပြားလာနိုင်ကြောင်း Gupta က ဖြည့်စွက် ပြောကြားသည်။
၂၀၂၄ ခုနှစ်အတွင်း အီသနော(Ethanol)ထုတ်လုပ်သူများထံမှဝယ်လိုအားအားကောင်းခဲ့သဖြင့် စိုက်ပျိုးသူတောင်သူ များစျေးကောင်းရရှိခဲ့ကြပြီးနောက်၊ ၂၀၂၅/၂၆ စိုက်ပျိုးရာသီတွင်အိန္ဒိယ၏ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် ယခင် နှစ်ထက် ၂၇ ရာခိုင်နှုန်းခန့်ခုန်တက်သွားကာ စံချိန်တင်ပမာဏဖြစ်သော မက်ထရစ်တန် ၅၅ သန်းအထိထွက်ရှိခဲ့သည်။ မကြာသေးမီလပိုင်းက ပြည်တွင်း၌ ကုန်စည်အဆ မတန်ပိုလျှံမှုကြောင့် စျေးနှုန်းများဆက်တိုက်ကျဆင်းခဲ့သော်လည်း၊ ပြည်ပသို့ တင်ပို့မှုများပြားလာခြင်းက ပိုလျှံနေသည့်ပမာဏကို လျှော့ချပေးနိုင်ခဲ့သဖြင့် စျေးနှုန်းများပြန်လည်ဦးမော့လာကြောင်း သိရှိရသည်။
လာမည့်အောက်တိုဘာလတွင် ရာသီသစ်သီးနှံများစတင်ရရှိတော့မည်ဖြစ်ရာ အိန္ဒိယ၏ပြောင်းတင်ပို့မှုအရှိန်အဟုန်သည် ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာမည်ဟုမျှော်လင့်ရသည်။ သို့သော်လည်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုအပေါ် စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်ကြောင်း မွန်ဘိုင်းအခြေစိုက် နိုင်ငံတကာကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။ စျေးနှုန်းများကျဆင်းသွားခြင်းနှင့်မိုးရေချိန်လျော့နည်းခြင်းတို့ကြောင့် တောင်သူ များသည် ပြောင်းစိုက်ပျိုးမှုမှ အခြားအကျိုးအမြတ်များမည့် သီးနှံများဘက်သို့ ပြောင်းလဲစိုက်ပျိုးရန် တွန်းအားဖြစ်စေနိုင်ကြောင်းလည်း ၎င်းက သတိပေးပြောကြားထားကြောင်း သိရသည်။
Source: The Economic Times: India corn exports set for three-year high on competitive pricing
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)