International News

ဗီယက်နမ်နိုင်ငံသည် ၉ လအတွင်း ဆန်တန်ချိန် ၇ သန်းတင်ပို့

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၉ လအတွင်း ဆန်တန်ချိန် ၇ သန်းနီးပါးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၅၅ ဘီလီယံခန့်ရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ကိန်းဂဏန်းများအရ တစ်နှစ်ထက်တစ်နှစ် ၀.၁ ရာခိုင်နှုန်းတိုးလာသော်လည်း တန်ဖိုးအားဖြင့် ၁၈.၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဖော်ပြထားပါသည်။ စက်တင်ဘာတစ်လတည်းတွင် ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၆၀၀,၀၀၀ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈၈.၄ သန်းရရှိခဲ့ကြောင်း ရေးသား‌ဖော်ပြထားပါသည်။

၉ လတာကာလအတွင်း ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၉ နီးပါး ရှိပြီး ယခင်နှစ်ဈေးနှုန်းထက် ၁၈.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ဆန်အများဆုံးဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၄၄ ရာခိုင်နှုန်းရှိကြောင်း၊ ဂါနာနှင့် အိုင်ဗရီကို့စ်တို့က ၁၁.၄ ရာခိုင်နှုန်း နှင့် ၁၀.၇ ရာခိုင် နှုန်းအသီးသီးရှိကြောင်း ရေးသားဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News