International News

F&B ထုတ်လုပ်မှုကဏ္ဍတွင် ယူအေအီးနိုင်ငံမှတစ်နှစ်တာဝင်ငွေ ၂၈ AED ဘီလီယံရရှိ

Last Updated:

ယူအေအီးနိုင်ငံတွင်အစားအသောက်နှင့် အဖျော်ယမကာထုတ်လုပ်သည့် လုပ်ငန်းကုမ္ပဏီပေါင်း ၂,၀၀၀ ကျော်ရှိပြီး နှစ်စဉ်၀င်ငွေ အမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံ(AED ၂၈ ဘီလီယံ)ရရှိကာ နိုင်ငံ၏ထုတ်လုပ်မှု GDP ၏ ၂၅ ရာခိုင်နှုန်းဖြင့်ဖွဲ့စည်းထားပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍပြီးလျှင် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပါသည်။

ယူအေအီးနိုင်ငံစားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်းအုပ်စု(FB Group)မှ ၂၀၂၃ ခုနှစ်အတွက် နိုင်ငံတစ်ဝှမ်းစားသောက်ကုန်နှင့်အဖျော် ယမကာကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်လျက်သော မြင်ကွင်းများကို အသေးစိတ်လေ့လာသုံးသပ်၍ ယူအေအီးနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းအစီရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။

အစီရင်ခံစာတွင် စားသုံးသူအကြိုက်၊ ပြောင်းလဲနေသော လက်လီအခင်းအကျင်းနှင့် အစားအစာအပိုင်းကဏ္ဍတစ်ခုစီရှိ ဝယ်လိုအားကို ခွဲခြမ်း စိတ်ဖြာပြီး အရှေ့အလယ်ပိုင်းနှင့်အာဖရိကဈေးကွက်များတွင် အမြဲတစေပြောင်းလဲနေသော ငွေကြေးဖောင်းပွမှုနှုန်းများနှင့်ဈေးနှုန်းအတက် အကျများကို နောက်ခံထားပြီး ပထမဆုံးဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

အစီရင်ခံစာသည် မြို့ပြကုန်သွယ်မှုလောက၏ခိုင်မာသောတိုးတက်မှုများကို အလေးပေးဖော်ပြထားပြီး စက်မှုလုပ်ငန်းကိုပုံဖော်သည့် အဓိကလမ်းကြောင်းများ၊ စားသုံးသူအမှတ်တံဆိပ်ရွေးချယ်မှုများတွင် ဝယ်ယူသုံးစွဲနိုင်မှု၏ အရေးပါမှုတိုးမြင့်လာသည့်အပေါ် အလေးထားဖော်ပြထားပါသည်။ ထူးခြားချက်အနေဖြင့် မုန့်ပဲသရေစာနှင့် မုန့်ဖုတ်လုပ်ငန်းအမျိုးအစားများသည် စားသောက်ကုန်နှင့်အဖျော်ယမကာကဏ္ဍတစ်ခုလုံး၏ တိုးတက်မှုများထက် ပိုမိုတိုးတက်လျက်ရှိပြီး ကဏ္ဍအသီးသီးတွင် ဦးဆောင်လျက်ရှိပါသည်။ စျေးနှုန်းများမြင့်တက်နေသော်လည်း စားသုံးသူအကြိုက်များသည် လိုက်လျောညီထွေရှိသော အမျိုးအစားများဆီသို့ မှီခိုအားထားကာ ပရီမီယံထုတ်ကုန်များအတွက် စဉ်ဆက်မပြတ် ဝယ်လိုအားကို ညွှန်ပြလျက်ရှိပါသည်။ အဆိုပါအစီရင်ခံစာသည် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းတွင်းရှိ လုပ်ငန်းငယ်များ၏ သွက်လက်စွာတိုးတက်မှုများကို မီးမောင်းထိုးပြလျက်ရှိပြီး စျေးကွက်တွင်ဦးဆောင်နေကြသည့် လုပ်ငန်းကြီးများထက် သာလွန်ကြောင်းကိုလည်း ဖော်ပြပါရှိပါသည်။

စားသုံးသူအသုံးစရိတ်ပုံစံများနှင့် စားသုံးမှုအပြုအမူပြောင်းလဲမှုများကို ထင်ဟပ်စေသည့် Nielsen လက်လီအရောင်းစစ်တမ်းမှ ထိုးထွင်းသိမြင်မှုများကို အဆိုပါအစီရင်ခံစာတွင် ခြုံငုံ၍ဖော်ပြထားပြီး တွေ့ရှိချက်များကို F&B ခြင်းတောင်းဟုတင်ပြထားသည့်ကဏ္ဍ ၇ ခုတို့ဖြင့် အမျိုးအစားခွဲခြားထားရှိပြီး ဆက်စပ်အစားအစာ၊ မုန့်ပဲသွားရည်စာနှင့် မုန့်ဖုတ်လုပ်ငန်းကဏ္ဍသည် F&B စျေးကွက်တိုးတက်မှုနှုန်း၏ အလုံးစုံတိုးတက်မှုနှုန်းထက်  ၅၀ % အထိရောက်ရှိနေပြီး သရေစာအမျိုးအစား၊ ချောကလက်နှင့် ဘီစကွတ်ကဏ္ဍများသည် ခိုင်မာသောတိုးတက်မှုကိုပြသနေပြီး ချောကလက်များသည် လူကြိုက်များသော အမှတ်တံဆိပ်များတွင် တွန်းအားပေးသည့်တိုးတက်မှုနှုန်း ၂၀ % ဖြင့် ဦးဆောင်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် အဖျော်ယမကာကဏ္ဍသည် ယူအေအီးနိုင်ငံတွင် ထူးထူးခြားခြားတိုးတက်လျက်ရှိသည်ကို မြင်တွေ့ခဲ့ရပြီး အချိုရည်စျေးနှုန်းများ ၁၃၄ % ဖြင့် အလုံးစုံတိုးမြင့်လာသော်လည်း အားကစားအချိုရည်ကဏ္ဍသည် ၁၅ % ဖြင့် ဦးဆောင်လျက်ရှိပါသည်။ ဆက်စပ်အစားအစာအမျိုးအစားများသည် ကပ်ရောဂါအလွန်ပြီးတွင် ပြန်လည်ကောင်းမွန်လာမှုကို မြင်တွေ့ခဲ့ရပြီး ကြက်ဥ၊ ဟင်းချက်ဆီနှင့် အချိုပွဲများကဲ့သို့အပိုင်းခွဲကဏ္ဍများသည် ၁၈ % ၃၀ % နှင့် ၂၁ % အသီးသီးမြင့်မားလာသဖြင့် စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍအမျိုးအစားအားလုံးတို့တွင် စျေးနှုန်းများမြင့်မားလာသည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

စားသုံးသူများအကြား ဟန်ချက်ညီမှုနှင့်ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ၏အရေးပါမှုကို သတိပြုမိခြင်း၏နောက်ကွယ်တွင် နို့ထွက်ပစ္စည်းကဏ္ဍသည် ၁၆ % နှုန်းဖြင့် ကြီးထွားလာနေကြောင်း စစ်တမ်းတွင်ထပ်မံတွေ့ရှိခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ယေဘုယျအားဖြင့် တိုးတက်မှုနှေးကွေးလျက်ရှိသည့် အေးခဲအစားအစာအမျိုးအစား(Frozen Meat)များသည် စျေးနှုန်းမြှင့်တင်မှုများကြောင့် အဓိကအပိုင်းကဏ္ဍများတွင် ၁၈ % ဖြင့် ကြီးထွားလာသည်ကို ထင်ရှားစွာတွေ့မြင်ရပါသည်။ နောက်ဆုံးတွင်၊ ကလေးသူငယ်စားသောက်ကုန်လုပ်ငန်းသည် ငွေကြေးဖောင်းပွမှုကြောင့် ထုတ်ကုန်စျေးနှုန်းများတိုးမြင့်လာသဖြင့် ထိပ်ပိုင်းစားသောက်ကုန်များအတွက် ကြီးထွားလာမှုကို တွန်းအားပေးသော်လည်း မိခင်များမှ အိမ်တွင်းဖြစ်အစားအစာနှင့် အိမ်လုပ်အခြားရွေးချယ်စရာစားသောက်ကုန်များကို ပိုမိုနှစ်သက်ရွေးချယ်လာကြသည့်အတွက် စားသုံးမှုကျဆင်းလာကာ ကလေးမွေးဖွားနှုန်းထားများမှာလည်း လျော့ကျလာသည့်အတွက် တိုးတက်ပြောင်းလဲလာသော ဈေးကွက်အခြေအနေများနှင့် လိုအပ်လျက်ရှိသော စားသောက်ကုန်များ လိုက်လျောညီထွေရှိစေရန်လိုအပ်လျက်ရှိကြောင်း အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံတွင် ဒေသခံနိုင်ငံသားများနှင့်ပြည်ပနိုင်ငံသားများရောနှောပါဝင်နေပြီး ကွဲပြားသောအစားအသောက်များအပေါ် စားသုံးကြသည့် မတူကွဲပြားသောစားသုံးသူများစွာရှိပါသည်။ အဓိကအားဖြင့် ယူအေအီးရှိလူဦးရေ၏အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် မွတ်စလင်စားသုံးသူများကို ဆွဲဆောင်ရန်အတွက် Halal လက်မှတ်သည် မရှိမဖြစ်လိုအပ်ပါသည်။ နိုင်ငံသားအများစုမှာ ကြွယ်ဝချမ်းသာကြပြီး နိုင်ငံ တကာအဆင့်မီအရည်အသွေးမြင့်အစားအစာထုတ်ကုန်များနှင့် ဆန်းသစ်သော အချက်အပြုတ်စားသောက်ကုန်အတွေ့အကြုံများကို တန်ဖိုးထားကြသည့်အလျှောက် အစားအသောက်စျေးကွက်တွင် ထူးခြားသောအရသာများ၊ ပါဝင်ပစ္စည်းများ၊ ပြင်ဆင်မှုနည်းလမ်းများအပြင် ကျန်းမာ ရေးနှင့်ညီညွတ်သော အစားအစာရွေးချယ်မှုများ၊ အာဟာရဆိုင်ရာ အချက်အလက်များဖော်ပြထားရှိမှုနှင့် လတ်ဆတ်ပြီး အရည်အသွေးမြင့်သဘာဝအော်ဂဲနစ်အစားအသောက်များ စသည်တို့အပေါ်အခြေခံ၍ အစားအသောက်များကို ရွေးချယ်သုံးဆောင်ကြသည့် သဘောသဘာဝများရှိပါသည်။

ယူအေအီးနိုင်ငံတွင် နည်းပညာလုပ်ငန်းကျွမ်းကျင်တတ်မြောက်သူအများအပြားရှိပြီး Mobile App များနှင့် အွန်လိုင်းလမ်းကြောင်းများကို အစားအသောက်နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများအပါအဝင် အွန်လိုင်းငွေပေးချေမှုလုပ်ငန်းစဉ်များတွင်လည်း မြန်ဆန်ထိရောက်စွာအသုံးပြုလျက်ရှိပါသည်။ နိုင်ငံတွင်း အလုပ်များသောလူနေမှုပုံစံကြောင့် စားသုံးသူများအားထိရောက်မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော သယ်ယူပို့ဆောင်မှုများနှင့် လုံခြုံစိတ်ချစွာ သယ်ဆောင်ယူသွားနိုင်သော ဝန်ဆောင်မှုများတို့ကို အစားအသောက်ထုတ်လုပ်ရောင်းချသူများနှင့် စားသောက်ဆိုင်များမှ ဆက်စပ်လုပ်ငန်းများနှင့်မိတ်ဖက်လုပ်ငန်းများအဖြစ် တွင်တွင်ကျယ်ကျယ်ပူးတွဲလုပ်ဆောင်နေကြပြီး အစားအသောက်ဘေးကင်းရေးဆိုင်ရာစံနှုန်းများနှင့် ဒေသန္တရစည်းမျဉ်း၊ စည်းကမ်းများအပေါ် လေးစားလိုက်နာဆောင်ရွက်လျက်ရှိကြကာ စည်းမျဉ်း၊ စည်းကမ်းချိုးဖောက်မှုများအပေါ်တွင်လည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်နေကြကိုလည်းတွေ့ရှိရကြောင်း တင်ပြလိုက်ရပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News