Local News

မတ်ပဲဈေးကွက်အလားအလာအခြေအနေ

Last Updated:

ပြည်တွင်းမတ်ပဲဈေးကွက်တွင် မတ်ပဲထွက်ရှိမှုအများဆုံးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများ အတက်ဘက်တွင်ဆက်လက်ရပ်တည်နေကြောင်း တွေ့ရရှိသည်။ ပုံမှန် ဈေးနှုန်း (၁)တင်းလျှင် ကျပ် ၉ သောင်းခွဲဝန်းကျင်ရှိပြီး ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဈေးအနည်းငယ်ဆက်တက်လာကြောင်းတွေ့ရသည်။ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် (၁) တင်းဈေးနှုန်း ကျပ် ၉၅၀၀၀၊ ၁၉ ရက်နေ့တွင် ကျပ် ၉၄၀၀၀၊ ၂၀ ရက်နေ့တွင် ကျပ် ၉၅၀၀၀၊ ၂၂ ရက်နေ့တွင် ကျပ် ၉၅၅၀၀၊ ၂၃ ရက်နေ့တွင် ကျပ် ၉၆၇၀၀၊ ၂၅ ရက်နေ့တွင် ကျပ် ၉၇၀၀၀၊ ၂၆ ရက် နေ့တွင် ကျပ် ၉၆၅၀၀၊ ၂၇ ရက်နေ့တွင် ကျပ် ၉၆၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

ယခုနှစ် မတ်ပဲရိတ်သိမ်းရာသီတွင် မြန်မာမတ်ပဲအထွက်တန်ချိန် ၆.၅-၇ သိန်းခန့် ရှိနိုင်ကြောင်းခန့်မှန်းထားသည်။ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံသည် ရာသီဥတုဖောက်ပြန်ခြင်း၊ ထွက်နှုန်းတိုးလာသော်လည်း မျှော်မှန်းအထွက်နှုန်းထက် လျော့နည်းခြင်းတို့ကြောင့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲရာဇာတို့ကို ပြည်ပမှဆက်လက်ဝယ်ယူ တင်သွင်းနေရမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာမတ်ပဲတန်ချိန် ၂.၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် ၁ သိန်းတို့ဝယ်ယူတင်သွင်းရန် မြန်မာနိုင်ငံနှင့် MoU ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သိရှိရသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံသည် ဘရာဇီးနိုင်ငံမှလည်း မတ်ပဲဝယ်ယူ တင်သွင်းနေသော်လည်း နိုင်ငံတွင်းစားသုံးမှုနှင့် တဆင့်ပြန်လည်တင်ပို့ရောင်းချမှုများကြောင့် မတ်ပဲလိုအပ် ချက်များပြားနေမည်ဖြစ်သည်။ ပြည်တွင်းမတ်ပဲဈေးနှုန်းများ ဆက်တက်နိုင်ဖွယ်ရှိပြီး လာမည့်မတ်ပဲ သစ်ရာသီတွင်လည်း မတ်ပဲ(၁)တင်းလျှင် အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉ သောင်းဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နိုင်ကြောင်း မတ်ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းမှတဆင့် သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News