International News

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာနမှ MSMEs များအတွက် E-Commerce ဆိုင်ရာ ပို့ကုန်လက်စွဲစာအုပ်ထုတ်ပြန်၊ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများပေးရန် Shiprocket ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(Directorate General of Foreign Trade-DGFT)သည် နိုင်ငံတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) အားကိုးအားထားပြုနိုင်မည့် E-Commerce ဆိုင်ရာ ပို့ကုန်လက်စွဲစာအုပ်(E-Commerce Exports Handbook for MSMEs) အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါလက်စွဲစာအုပ်ကို အင်္ဂလိပ်ဘာသာအပါအဝင် ဒေသသုံးဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေထားပြီး၊ အိန္ဒိယ MSME များအတွက် ကမ္ဘာ့ဈေးကွက်သို့ အဆင့်မီမီတက်လှမ်းနိုင်စေရန် လိုအပ်သောသတင်းအချက်အလက်နှင့် မဟာဗျူဟာများကို ပြည့်ပြည့်စုံစုံထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

အဆိုပါလက်စွဲစာအုပ်ကို အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal က နယူးဒေလီမြို့တော်တွင် တရားဝင်အခမ်း အနားဖြင့် ထုတ်ပြန်ကြေညာပေးခဲ့ကာ ၎င်းသည် အိန္ဒိယနိုင်ငံ၏ ၂၀၂၃ ခုနှစ် နိုင်ငံခြားကုန်သွယ်မှုမူဝါဒရည်မှန်းချက်များနှင့်ကိုက်ညီပြီး အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် DGFT သည် e-commerce အသုံးပြု ပို့ကုန်မြှင့်တင်မှုမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် e-commerce ဆိုင်ရာ ကျွမ်းကျင်သောကုမ္ပဏီတစ်ခုဖြစ်သည့် Shiprocket နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။ ပို့ကုန်အချက်အခြာဒေသများဆိုင်ရာ အစီအစဉ်(Export Hubs program)အဖြစ် အိန္ဒိယနိုင်ငံ၏ ခရိုင်ဒေသအသီးသီး၌ MSME အရည်အချင်းမြှင့်တင်မှုဆိုင်ရာသင်တန်းနှင့် ဆွေးနွေးပွဲများကျင်းပပေးရန်ရည်ရွယ်၍ ၎င်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလက်စွဲစာအုပ်ထုတ်ပြန်ခြင်းအခမ်းအနားတွင် ဝန်ကြီး Goyal က အိန္ဒိယနိုင်ငံ၏ ရိုးရာထုတ်ကုန်များကို ကမ္ဘာက စိတ်ဝင်စားကြောင်း၊ အိန္ဒိယ MSME လုပ်ငန်းများ၊ ရိုးရာလက်မှုလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားနှင့် စားသောက်ကုန်ထုတ်လုပ်သူများကို e-commerce အသုံးပြု ၍ ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်တတ်အောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။ ၎င်းလက်စွဲစာအုပ်ကို အင်္ဂလိပ်၊ ဟင်ဒီ၊ ဂူဂျာရက်၊ ကန်နာဒါစသည့်ဘာသာစကား(၄)မျိုးဖြင့် ကနဦးထုတ်ဝေထားပြီး၊ အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးသို့ ကျယ်ပြန့်စွာရောက်ရှိနိုင်ရန် နောက်ထပ်ဘာသာစကားများကိုလည်း ထပ်မံထည့်သွင်းပြန်ဆို၍ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလက်စွဲစာအုပ်ထုတ်ဝေခြင်းအပြင် ချောပို့လုပ်ငန်းနှင့် စာတိုက်မှတစ်ဆင့် တင်ပို့သောပို့ကုန်များအတွက် အကောက်ခွန်ပြန်လည်ထုတ်ယူခွင့်အစီအစဉ်(Scheme for Remission of Duties and Taxes on Exported Products-RoDTEP)ကို သက်တမ်းထပ်မံတိုးမြှင့်ကြောင်း ဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါမဟာဗျူဟာဆောင်ရွက်ချက်ကြောင့် အိန္ဒိယ SME ကဏ္ဍအရှိန်အဟုန်ဖြင့် တိုးတက်ရန် အထောက်အကူပြုပြီး၊ ၎င်းတို့အနေဖြင့် အစိုးရ၏အထောက်အပံ့အစီအစဉ်များကို သိရှိအသုံးချတတ်စေရန်နှင့် e-commerce ပလက်ဖေါင်းများမှတစ်ဆင့် ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်စေရန် တိုက်တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရမှ အိန္ဒိယ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) အားကိုးအားထားပြုနိုင်မည့် E-Commerce ဆိုင်ရာ ပို့ကုန်လက်စွဲစာအုပ်(E-Commerce Exports Handbook for MSMEs)အားထုတ်ပြန်ခဲ့ခြင်း၊ ၎င်းတို့အား အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် Shiprocket ကုမ္ပဏီနှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ပို့ကုန်များအတွက် အကောက်ခွန်ပြန်လည်ထုတ်ယူခွင့်အစီအစဉ် (Scheme for Remission of Duties and Taxes on Exported Products-RoDTEP)ကို သက်တမ်းထပ်မံတိုးမြှင့်ခဲ့သည့် ကိစ္စရပ်များကို သိရှိပြီး၊ မြန်မာ MSME လုပ်ငန်းများကိုလည်း E-Commerce မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့တက်လှမ်းနိုင်သည်အထိ စွမ်းဆောင်ရည်ပြည့်ဝပြီး၊ ထုတ်ကုန်အရည်အသွေးများတိုးတက်ကောင်းမွန်အောင် မဟာဗျူဟာများချမှတ်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။    (၁)   Financial Express သတင်းဌာန၊ “Piyush Goyal releases E-Commerce Exports Handbook for MSMEs; extends RoDTEP to courier, postal exports”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။

                        (၂)    Indian Transport and logistics News သတင်းဌာန၊ “Shiprocket, DGFT sign MoU for MSME e-commerce exports”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။            

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News