International News

ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်တင်ပို့သူဖြစ်သည့် ဂျပန်နိုင်ငံ၏ နေရာကို ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက အစားထိုးနေရာယူတော့မည်

Last Updated:

ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်တင်ပို့သူဖြစ်သည့် ဂျပန်နိုင်ငံ၏နေရာကို ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက အစားထိုးနေရာယူတော့မည်ဖြစ် ကြောင်း၊ ရုရှားနှင့် မက္ကစီကိုနိုင်ငံတို့အနေဖြင့် တရုတ်နိုင်ငံမှ လျှပ်စစ်ကားများ အများအပြားဝယ်ယူခဲ့သည့်အတွက် ယခုကဲ့သို့တင်ပို့မှုများပြားခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် တရုတ်နိုင်ငံအနေဖြင့် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ မော်တော်ယာဉ် ၄.၄၁ သန်းတင်ပို့နိုင်ခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅၈ ရာခိုင်နှုန်းများပြားခဲ့ကြောင်း China Association of Automobile Manufacturers (CAAM) ၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း မော်တော်ယာဉ် ၃.၉၉ သန်းတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ တစ်နှစ်တာမော်တော်ယာဉ်တင်ပို့နိုင်မှုမှာ ၄.၃ သန်းရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

၂၀၁၆ ခုနှစ်တွင်လည်း ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်တင်ပို့သူဖြစ်သည့် ဂျပန်နိုင်ငံ၏နေရာကို ဂျာမနီနိုင်ငံက အစားထိုးနေရာယူခဲ့ဖူးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်တွင် ထိပ်တန်းနေရာသို့ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် လျှပ်စစ်ယာဉ်များပြောင်းလဲသုံးစွဲလာခြင်းသည် တရုတ်နိုင်ငံ၏ရည်မှန်းချက်ပြည့်မီအောင် အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ မော်တော်ယာဉ်အများဆုံးတင်ပို့လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ မော်တော်ယာဉ် ၇၃၀,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇ ဆကျော်များပြားလာခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ Chery Automobile နှင့် Great Wall Motor တို့အနေဖြင့် ရုရှားနိုင်ငံသို့ ပြိုင်ကားအလတ်နှင့်အကြီးအပါအဝင် လောင်စာဆီအသုံးပြုသည့် ယာဉ်များကို အများဆုံးတင်ပို့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မက္ကစီကိုနိုင်ငံသို့ မော်တော်ယာဉ်ဒုတိယအများဆုံးတင်ပို့လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း မော်တော် ယာဉ် ၃၃၀,၀၀၀ တင်ပို့ထားပြီးဖြစ်ကာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇၁ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ မော်တော်ယာဉ်ထုတ်လုပ် သူများအနေဖြင့် အမေရိကန်နှင့်ကနေဒါနိုင်ငံသို့လည်း ဈေးကွက်ချဲ့ထွင်ရန်ဆောင်ရွက်လျက်ရှိပြီး ဝယ်ယူသည့်နိုင်ငံအပေါ်မူတည်၍ ထုတ်လုပ်မှုများဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံမှထုတ်လုပ်သော လောင်စာဆီအသုံးပြုသည့် မော်တော်ယာဉ်များကို အဓိကအားဖြင့် ဥရောပနှင့်အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ဈေးကွက်ရရှိပြီးဖြစ်သည့် အရှေ့တောင်အာရှဒေသတွင် လျှပ်စစ်ယာဉ်များတိုးမြှင့်တင်ပို့ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် လျှပ်စစ်ယာဉ်ထုတ်လုပ်မှုသို့ အသွင်ကူးပြောင်းရာတွင် နှေးကွေးလျက်ရှိခြင်းကြောင့် ဈေးကွက်ဝေစု ကျဆင်းလာလျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

တရုတ်နိုင်ငံမှထုတ်လုပ်သည့် မော်တော်ယာဉ်များ ပြည်ပတင်ပို့မှုမှာ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်ဝေစု၏ ၁၆ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် မော်တော်ယာဉ် ၉ သန်းအထိ တင်ပို့နိုင်ပြီး ကမ္ဘာ့ဈေးကွက်ဝေစု၏ ၃၀ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားကြပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိလျှော့ချနိုင်ရေး ကမ္ဘာ့နိုင်ငံများအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပြီး ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးအတွက် ရုပ်ကြွင်းလောင်စာအစားထိုးသည့် လောင်စာများ ပြောင်းလဲအသုံးပြုခြင်းနှင့် လျှပ်စစ်ယာဉ်များပြောင်းလဲသုံးစွဲခြင်းကဲ့သို့သောမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြပါသည်။ အဆိုပါမူဝါဒအပြောင်းအလဲများသည် တရုတ်နိုင်ငံထုတ်ရုပ်ကြွင်းလောင်စာအစားထိုးသုံးစွဲနိုင်မည့် ဈေးနှုန်းသက်သာသည့် နည်းပညာမြင့်လျှပ်စစ်ယာဉ်များဝယ်လိုအားကို ပိုမိုမြင့်တက်စေခဲ့ပြီး တရုတ်နိုင်ငံအား ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်တွင် ဦးဆောင်သူအဖြစ် ပြောင်းလဲစေခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။ 

Source: The Nikkei Asia (၂၉-၁၂-၂၀၂၃)           

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News