International News

ထိုင်းနိုင်ငံ မော်တော်ယာဉ်ကဏ္ဍအနေဖြင့် အမေရိကန်အခွန်၏သက်‌ရောက်မှုအတွက် ကြိုတင်ပြင်ဆင်ထားရန် ထိုင်းနိုင်ငံ Kasikorn Research Center(K-Research) က တိုက်တွန်းခဲ့

Last Updated:

နိုင်ငံတွင်း မော်တော်ကားကဏ္ဍအနေဖြင့် လာမည့်လတွင် စတင်သက်ရောက်မည့် အမေရိကန်၏အပြန်အလှန်အခွန်အစီအမံများ၏သက်ရောက်မှုကို ကြိုတင်ပြင်ဆင် ထားရန် ထိုင်းနိုင်ငံ Kasikorn Research Center(K-Research)က တိုက်တွန်းထားကြောင်း သိရှိရပါသည်။

ဧပြီလ ၂ ရက်နေ့မှစ၍ သတ်မှတ်ထားသည့်စက်မှုနယ်ပယ်များအပေါ် အပြန် အလှန်အခွန်နှုန်းထားသစ်များ စတင်ကောက်ခံသွားမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ကတိကဝတ်သည် ကျန်နေသေးပါကြောင်း၊ ယင်းသည် ကမ္ဘာ့ကုန်သွယ် ရေးတင်းမာမှုကို မြင့်တက်စေလာနိုင်ပြီး ထိုင်းစက်မှုနယ်ပယ်များစွာကို သက်ရောက်နိုင်ကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်း၍ ကုန်သွယ်ရေးပတ်ဝန်းကျင် ဆိုင်ရာစိန်ခေါ်မှုများအတွက် ဖွံ့ဖြိုးတိုးတက်မှုများနှင့်မဟာဗျူဟာများကို စောင့်ကြည့်ရန်ဖြစ်ကြောင်း၊ လက်ရှိကုန်သွယ်ရေးအငြင်းပွားမှုများသည် ကမ္ဘာ့မော်တော် ကားဈေးကွက်တွင် ယှဉ်ပြိုင်မှုကို ပြင်းထန်စေပြီး အခြေအနေကို ပိုမိုးဆိုးရွားစေနိုင်ရုံသာမက ဈေးနှုန်းများကိုလည်း ကျဆင်းစေမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ပျမ်းမျှမော်တော်ကားဈေးနှုန်းသည် ၅.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း K-Research ၏မန်နေးဂျင်းဒါရိုက်တာ Mr. Burin Adulwattana က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏မော်တော်ကားစွမ်းရည်အသုံးချမှုသည် ကပ်ရောဂါမတိုင်မီကတည်းက ကျဆင်းလျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် ၆၈ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါကြောင်း၊ ကမ္ဘာ့စံနှုန်းများအရ စွမ်းရည်အသုံးချမှုသည် ၆၀ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ပါကြောင်း မော်တော် ကားကုမ္ပဏီများပေါင်းစည်းမှုကို ဖြစ်လာစေပါကြောင်း၊ ထိုင်းနိုင်ငံ၏ထုတ်လုပ်မှုညွှန်ကိန်းသည်လည်း ၂၀၂၅ ခုနှစ်တွင် ၁ ရာခိုင်နှုန်းထိ ကျုံ့လာနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ၁.၃ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃.၆ ရာခိုင်နှုန်းဖြင့် တဖြည်းဖြည်းကျုံ့လာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ထိုင်းနိုင်ငံ၌ စက်ရုံများပိတ်သိမ်းမှုများသည် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ စက်ရုံပိတ်သိမ်းမှုအရွယ်အစားတိုးတက်လာသည်နှင့်အမျှ မော်တော်ကားစက်မှုနှင့် အီလက်ထရောနစ်စက်မှုများတွင် အထိခိုက်ဆုံးဖြစ်နိုင်ကြောင်း K-Research က ခန့်မှန်းထားပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် မော်တော်ကားနှင့် သယ်ယူပို့ဆောင်ရေးပစ္စည်းများထုတ်လုပ်သည့် စက်ရုံ ၃ ခုပိတ်သိမ်းခဲ့ပြီး ယခင်နှစ်အရေ အတွက်နှင့် တူညီပါကြောင်း၊ ပိတ်သိမ်းခဲ့သော စက်ရုံများ၏မှတ်ပုံတင်ထားသည့် မတည်ရင်းနှီးငွေပမာဏသည် စက်ရုံ ၁ ရုံလျှင် ဘတ် ၉၉ သန်းဖြစ်ကြောင်း၊ အမေရိကန်အခွန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သော မသေချာမှုသည် ၂၀၂၅ ခုနှစ်အတွင်း ပို့ကုန်များနှင့် GDP အပေါ် သက်ရောက်နိုင်ကြောင်း၊ ၂၀၂၅ ခုနှစ် နိုင်ငံ၏ GDP  တိုးတက်မှုကို ၂.၄ ရာခိုင်နှုန်းနှင့် ပို့ကုန်တိုးတက်မှုကို ၅ ရာခိုင်နှုန်းခန့်မှန်းထားပါကြောင်း၊ အမေရိကန်က အပြန်အလှန်အခွန်ကို ၁၀ ရာခိုင်နှုန်းကောက်ခံပါက ထိုင်းနိုင်ငံ၏ GDP ကို ၀.၃ ရာခိုင်နှုန်းနှင့် အခွန် ၂၅ ရာခိုင်နှုန်းဖြစ်ပါက ၀.၆ ရာခိုင်နှုန်းလျော့နည်းစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News