International News

ထိုင်းနိုင်ငံသားများ၏ နေထိုင်မှုကုန်ကျစရိတ်များကို လျှော့ချရန် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက စိတ်အားထက်သန်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံသားများ၏ နေထိုင်မှုကုန်ကျစရိတ်ကို လျှော့ချပေးရန် ကုန်စည်ဈေးနှုန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ကုန်စည်ဈေးနှုန်းများမြင့်တက်လာမှုနှင့် မမျှတသောအလေ့အကျင့်များကို စောင့်ကြည့်ရန် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနနှင့် ပြည်နယ်စီးပွားရေးရုံးများကို ညွှန်ကြားထားပါကြောင်း၊ မတ်လ ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ ဈေးနှုန်းများသည် တည်ငြိမ်လျက်ရှိကြောင်း၊ ရာသီဥတုကောင်းမွန်သည့်အခြေအနေကြောင့် ဥထုတ်လုပ်ရေးများပြန်လည်ကောင်းမွန်လာပါကြောင်း၊ ဥအရောခြံထွက်ဈေးသည် ဘတ် ၃.၂ ဖြစ်ပြီး အရွယ်အစားအမှတ် ၃ လက်လီဈေးများသည် တဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း၊ အသားခြံထွက်ရောင်းဈေးမှာ ၁ ကီလိုဂရမ်လျှင် ၄၀ ဘတ်မှ ၄၁ ဘတ်၊ ကြက်အစိတ်အပိုင်းများဖြစ်သည့် အရိုးပါပေါင်ဈေးမှာ ၁ ကီလိုဂရမ် ၇၈.၈၁ ဘတ်ဖြစ်ပြီး အရိုးမပါရင်ပုံဈေးမှာ ၁ ကီလိုဂရမ်လျှင် ၇၉.၅ ဘတ်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတစ်ဝှမ်းရှိ ဝက်အရှင်ပျမ်းမျှဈေးမှာ ၁ ကီလိုဂရမ်လျှင် ၇၉.၉ ဘတ်ရှိပြီး ဈေးနှုန်းတည်ငြိမ်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ လတ်ဆတ်ဟင်းသီးဟင်းရွက်ဈေးမှာ တည်ငြိမ်လျက်ရှိပြီး တရုတ်ကိုက်လန်၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်နှင့် သင်္ဘောသီးစိမ်းဈေးများတွင် အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ထုတ်လုပ်ချိန်ကုန်လုနီးပါးဖြစ်နေသည့် နံနံပင်နှင့် ရုံးပတီသီးဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများလျော့ပါးစေရန် အစီအစဉ်များစွာ‌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကနဦးအနေဖြင့် “Choojai Seniors 60+” ကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်များရှိ သက်ကြီးရွယ်အိုများကို အထူးလျှော့ဈေးများပေးလျက်ရှိကြောင်း၊ အစီအစဉ်ကြောင့် နေထိုင်မှုစရိတ် ဘတ် ၁၀ ဘီလီယံခန့်လျှော့ချပေးနိုင်ခဲ့ပြီး စီးပွားရေးကို ဘတ် ၃၀ ဘီလီယံမြှင့်တင်ပေးနိုင်ခဲ့ကြောင်း ဝန်ကြီး H.E Mr. Picahai Naripthaphan က ပြောကြားခဲ့သည်။

ဒီဂျစ်တယ်ပိုက်ဆံအိတ်၏ တတိယအဆင့်အနေဖြင့် “Back to School 2025” အစီ အစဉ်တွင် အကျုံးဝင်သော ကျောင်းသားများသည် ကျောင်းသုံးပစ္စည်းများ၊ အဝတ် အထည်များ၊ အိုင်တီထုတ်ကုန်များကို လျှော့ဈေးဖြင့်ဝယ်ယူနိုင်သည့် အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း၊ Mobile Blue Flag နှင့် Blue Flag အစီအစဉ်အရ ဗန်ကောက်နှင့် ပြည်နယ် ၅၀ ခုတွင် စားသုံးသူများဝယ်ယူနိုင်ရေး ထားရှိပေးထားပါကြောင်း၊ ကုန်ပစ္စည်းများကို ဈေးနှုန်းတင်၍ ရောင်းချနေသည်ကို တွေ့ရှိပါက ဦးစီးဌာန၏ Hotline နံပါတ် ၁၅၆၉ ကို ခေါ်ဆိုသတင်းပေးခြင်း သို့မဟုတ် ပြည်နယ်စီးပွားရေးရုံးများသို့ အစီရင်ခံခြင်းတို့ ဆောင်ရွက်ပေးရန် ဝန်ကြီးက တိုက်တွန်းထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News