International News

အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် ဂျပန်ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံအစား အခြားနိုင်ငံများမှ ပြောင်းလဲတင်သွင်းရန် စဉ်းစားလျက်ရှိ

Last Updated:

အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲပြန်လည်စတင်လျက်ရှိခြင်းကြောင့် ဂျပန်ကုမ္ပဏီများ၏ ၂၇ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ သွင်းကုန်အပေါ် မှီခိုနေရမှုအား ပြန်လည်သုံးသပ်လျက်ရှိကြောင်း ၁၄-၃-၂၀၂၅ ရက်နေ့တွင် KPMG အကြံပေးကုမ္ပဏီမှ ကောက်ယူခဲ့သည့်စစ်တမ်းအရ သိရှိရကြောင်း ၁၅-၃-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “U.S.-China trade war pushes Japan firms to rethink supply chains: KPMG” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးစဉ်က တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ၆၀ ရာခိုင် နှုန်းအထိ အကောက်ခွန်ကောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့နောက် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်တွင် ဒေါ်နယ်ထရန့်အနေ ဖြင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ကောက်ခံခဲ့ကြောင်း၊ ထို့နောက် မတ်လ ၄ ရက်နေ့တွင် ၂၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံအကြား တင်းမာမှုများပိုမိုပြင်းထန်လာနိုင်ပြီး၊ တရုတ်စီးပွားရေးကျဆင်းလာနိုင်မှုကြောင့် စစ်တမ်းဖြေဆိုသူကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံအစား အခြားသောနိုင်ငံများမှ ပြောင်းလဲဝယ်ယူသွားမည်ဟု ဖြေဆိုခဲ့ကြကြောင်း၊ တရုတ်နိုင်ငံမှသွင်းကုန်များအပေါ် မှီခိုနေရသည့်ကုမ္ပဏီများအနေဖြင့် အမေရိကန်နိုင်ငံ၏မူဝါဒအပြောင်းအလဲများအပေါ် မျက်ခြေမပြတ်စောင့်ကြည့်ကာ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မဟာဗျူဟာများကို လေးနက်တည်ငြိမ်စွာ ချမှတ်ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာတွင် စစ်တမ်းဖြေဆိုသူများ၏ ၅၂.၉ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် အကောက်ခွန်ကောက်ခံလာနိုင်သည်ဟုလည်းကောင်း၊ စစ်တမ်းဖြေဆိုသူများ၏ ၃၆ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အကောက်ခွန်များတိုးမြှင့်ကောက်ခံလာနိုင်သည်ဟု လည်းကောင်း၊ ၂၉ ရာခိုင်နှုန်းအနေဖြင့် အမေရိကန်အစိုးရ၏ မူဝါဒများသည် ရာသီ ဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အတွက် ကြိုးပမ်းမှုများလျော့ကျလာစေနိုင်သည်ဟုလည်းကောင်း ဖြေဆိုခဲ့ကြောင်းနှင့် စစ်တမ်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အကြား ကောက်ယူခဲ့ပြီး၊ စစ်တမ်းတွင် ကုမ္ပဏီ ၁၇၆ ခုမှ ပါဝင်ဖြေဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။

 (သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News