International News

ဂျပန်နိုင်ငံတွင် ဆန်သိုလှောင်မှုပမာဏ စံချိန်တင်ကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်များလာရောက်မှုများပြားခဲ့ခြင်းကြောင့် ဝယ်လိုအားမြင့်မားလာခြင်းနှင့်၂၀၂၃ ခုနှစ်၊နွေရာသီအပူဒဏ်ကြောင့် ဆန်အထွက်နှုန်းကျဆင်းခဲ့ခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၏ပုဂ္ဂလိက ကဏ္ဍမှ ဆန်သိုလှောင်မှုပမာဏမှာ တန်ချိန် ၁.၅၆ သန်းရှိခဲ့ပြီး၊ ၁၉၉၉ ခုနှစ်မှစတင်၍အနည်းဆုံးဖြစ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

အဆိုပါသတင်းတွင် ၂၀၂၄ ခုနှစ်၊ နွေရာသီ၌ အပူချိန်ဆက်လက်မြင့်မားလျက်ရှိခြင်းကြောင့် ဆန်သိုလှောင်မှုပမာဏမှာ ဆက်လက်ကျဆင်းကာ ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံတွင် လူဦးရေ ကျဆင်းလာမှုကြောင့် နှစ်စဉ်ဆန်စားသုံးမှုပမာဏမှာ ကျဆင်းလျက်ရှိကြောင်း၊ ကနဦးထုတ်ပြန်ထားသည့်အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ပြည်တွင်းဆန်ဝယ်လိုအားမှာ ၇.၀၂ သန်းတန်ရှိခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တန် ၁၁၀,၀၀၀ ပိုမိုများပြားလာကာ ၁၀ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဝယ်လိုအားများပြားလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပေါင်မုန့်၊ ခေါက်ဆွဲတို့နှင့်နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းမှာ သက်သာလျက်ရှိသည့်အတွက် ထိုသို့ဝယ်လိုအားမြင့်တက်လာရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယန်းငွေတန်ဖိုးကျဆင်းလာခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးပြီးနောက်ပိုင်းတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ များပြားလာကြောင်းနှင့် နိုင်ငံခြားသားခရီးသွားများအနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်ရာတွင် ဂျပန်အစားအစာများစားသုံးနိုင်ရေးကို အဓိကဦးစားပေးအဖြစ် ဆောင်ရွက်လာကြကြောင်း Japan Tourism Agency က ထုတ်ပြန်ထားသည့် Foreign Visitors to Japan(2023) အစီရင်ခံစာအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ဆန်များကို ထုတ်လုပ်သူသမဝါယမလုပ်ငန်းများမှ လက်ကားဝယ်ယူသူများထံ ရောင်းချသည့်ဈေးနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပျမ်းမျှအားဖြင့် ၆၀ ကီလိုဂရမ်လျှင် ၁၅,၈၆၅ ယန်းရှိခဲ့ပြီး၊ ၁၁ နှစ်တာကာလအတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် ဆန်များကို အပြည့်အဝဖြန့်ဖြူးရောင်းချရခြင်း မရှိသေးသော်လည်း ဝယ်လိုအားနှင့်ရောင်းလိုအားမှာ ကျဆင်းခြင်းမရှိသေးကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားကြောင်းဖော်ပြ ထားပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဆန်သိုလှောင်မှုပမာဏမှာ ၁.၅၂ သန်းတန်သို့ ကျဆင်းနိုင်ပြီး၊ ပြည်တွင်းဝယ်လိုအားမှာ ၆.၇၃ သန်းတန်သို့ ကျဆင်းနိုင်ကြောင်း ဂျပန်အစိုးရက ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Japan Today (၃၁-၇-၂၀၂၄)

Category: International News