International News

ဟောင်ကောင်ဒေသနှင့် လာအိုနိုင်ငံ တို့မှ စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းများအကြား သဘော တူညီချက် ၁၂ ခု လက်မှတ်ရေးထိုး

Last Updated:

ဟောင်ကောင်ဒေသနှင့်  လာအိုနိုင်ငံတို့မှ စီးပွားရေးအဖွဲ့အစည်းနှင့် လုပ်ငန်းများအကြား စည်း နှောင်မှုမရှိသော သဘောတူညီချက် ၁၂ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း South China Morning Post သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် “Hong Kong businesses and other organisations sign 12 non-binding deals with Laos” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထား ပါသည်။

လာအိုနိုင်ငံသို့ နှစ်ရက်ကြာသွားရောက်ခဲ့သည့် ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် John Lee က ၎င်း၏ခရီးစဉ်အတွင်း လာအိုနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ကတိပြုပြောကြားခဲ့သည့်အပြင် လာအိုနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ green financing၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဟောင်ကောင်ဒေသအနေဖြင့် ပါဝင်ဆောင် ရွက်သွားနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသနှင့် လာအိုနိုင်ငံမြို့တော်တို့အကြား တိုက်ရိုက်လေကြောင်း ပြေးဆွဲမှုကို ဧပြီလတွင် စတင်ခဲ့ခြင်းကြောင့် (၁၀)နှစ်ကျော်ကြာ လေကြောင်းကုန်စည်ပို့ဆောင်မှု ပမာဏအားဖြင့် ကမ္ဘာ့အဆင့်ပထမရှိ ဟောင်ကောင်လေဆိပ်သည် ကုန်းပိတ်လာအိုနိုင်ငံ၏ ပို့ကုန်တင်ပို့မှုအတွက် အထောက်အကူပြုနိုင်သည်ဟုပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ်သည် လာအိုနိုင်ငံမြို့တော်၌ လာအိုဝန်ကြီးချုပ်နှင့် နိုင် ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံမှုမတိုင်ခင် လာအို စီးပွားရေးခေါင်းဆောင်များမှ ဧည့်ခံသည့် နံနက်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဟောင်ကောင်ဒေသနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာများတွင် နှစ်ဖက်အကောက်ခွန်အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးသည့် သဘောတူညီချက်၊ လာအိုအစိုးရနှင့် ကုန်သည်လုပ်ငန်းရှင် အဖွဲ့အစည်းနှစ်ခုနှင့် ဟောင်ကောင် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေး ကောင်စီတို့အကြားချုပ်ဆိုသည့် သဘောတူညီချက် သုံးခု တို့ပါဝင်ပါသည်။ ထိုပြင် ဟောင်ကောင် ဒေသမှ Goldford Group နှင့် လာအိုအမျိုးသား ဒစ်ဂျစ်တယ်နည်းပညာအုပ်စုတို့အကြား ချုပ်ဆိုသည့် ငွေပေးချေမှု ပလက်ဖောင်းတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှု၊ ဟောင်ကောင် Polytechnic Universityနှင့် လာအို အလယ်တန်းကျောင်းတစ်ကျောင်း တို့အကြား ပညာတော်သင် အစီအစဉ်တစ်ခုလည်း ပါဝင်ကြောင်း ရေးသားဖော်ပြထားပါသည်။

 ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (RCEP) သို့ ဟောင်ကောင်ဒေသ ဝင်ရောက်မှုအတွက် လာအိုဒေသအနေဖြင့် ထောက်ခံကြောင်း လာအို ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီးတွင် John Lee ကပြောကြားခဲ့ပါသည်။ ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ်သည် လာအိုနိုင်ငံ၏ Saysettha Development Zone နှင့် တရုတ်-လာအို ရထားလမ်း terminus သို့ သွားရောက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။ ဟောင်ကောင် ဒေသအုပ်ချုပ်ရေးမှူးချုပ်သည် တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ အာဆီယံဒေသတွင်းနိုင်ငံများသို့ တတိယအကြိမ် ခရီးစဉ်သွား ရောက်မှုအဖြစ် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ ခြောက်ရက်ကြာ ခရီးစဉ်သွားရောက်လျက်ရှိရာ အင်္ဂါနေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက် သွားရောက်ခဲ့ပြီး၊ ထို့နောက် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်သွားရောက်ကာ သောကြာနေ့တွင် ဟောင်ကောင်ဒေသသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထား ပါသည်။

 

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: International News