အိန္ဒိယနိုင်ငံသည် ယခုလ ၂၈ ရက်နေ့က ဝါဂွမ်းအား အကောက်ခွန်လွတ်တင်သွင်းမှုကို စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အချိန်သုံးလ ထပ်မံတိုးမြှင့်ခဲ့ကြောင်းသိရသည်။ အိန္ဒိယအစိုးရ၏ဆုံးဖြတ်ချက်သည် အမေရိကန်ပြည်ထောင်စုအစိုးရက ချမှတ်ထားသော ၅၀ ရာခိုင်နှုန်းအကောက်ခွန်များကြောင့် ဖိအားများအောက်တွင်ရှိနေသည့် အိန္ဒိယအထည်အလိပ်လုပ်ငန်း၊ အထူးသဖြင့် နိုင်ငံတောင်ပိုင်းရှိ စက်ရုံများအပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးမည်ဖြစ်ကြောင်းသိရသည်။ ၎င်းသည် အိန္ဒိယအထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများကို ယူကေနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ကဲ့သို့ ကုန်သွယ်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးထားသည့် ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၈ ရက်တွင် ဖော်ပြသည်။
အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် အောက်တိုဘာလတွင်စတင်မည့်ဝါဂွမ်းရောင်းဝယ်ရေးနှစ်၏ ပထမသုံးလအတွင်း ဝါဂွမ်းတင်သွင်းမှုသည် ၁ ထုပ်လျှင် ၁၇၀ ကီလိုဂရမ်ပါ ဝါဂွမ်းဘေထုပ် ၂၀ သိန်းခန့်အထိ နှစ်ဆတိုးလာဖွယ်ရှိကြောင်းသိရသည်။ ၎င်းသည် အိန္ဒိယအစိုးရအနေဖြင့် အထည်အလိပ်လုပ်ငန်းကိုကယ်ဆယ်ရန် ၁၀ ရက်အတွင်း ဒုတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။ ယခုလ ၁၉ ရက်နေ့က အစိုးရသည် စက်တင်ဘာလကုန်အထိ ဝါဂွမ်းတင်သွင်းမှုအပေါ် ၁၁ ရာခိုင်နှုန်းအကောက်ခွန်အား ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အိန္ဒိယဝါဂွမ်းအသင်း(Cotton Association of India - CAI) ဥက္ကဋ္ဌ Atul Ganatra က ပြောကြားခဲ့သည်မှာ အကောက်ခွန်ကင်းလွတ်ခွင့်သက်တမ်းတိုးမြှင့်ခြင်းသည် အိန္ဒိယအထည်အလိပ်စက်ရုံများ၊ အထူးသဖြင့် တောင်ပိုင်းရှိ စက်ရုံများအား သက်သာရာရရှိစေမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် Brazil၊ US၊ Africa နှင့် Australia ကဲ့သို့သောနိုင်ငံများမှ ဈေးသက်သာသောဝါဂွမ်းများကို ယခုအခါ ရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။ “၎င်းသည် တောင်ပိုင်းရှိ စက်ရုံများအတွက် အသက် သွေးကြောတစ်ခုဖြစ်လာမည်”ဟု Ganatra က ပြောကြားခဲ့ပြီး CAI သည် လွန်ခဲ့သည့် မကြာသေးမီက အစိုးရအား အခွန်ကင်းလွတ်တင်သွင်းမှုများကို နောက်ထပ်လအနည်းငယ်ထပ်မံတိုးမြှင့်ရန်တိုက်တွန်းခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတကာဈေးနှုန်းများသည် အိန္ဒိယပြည်တွင်းဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့်နိမ့်နေကြောင်းသိရသည်။ New York ရှိ Inter Continental Exchange(ICE)တွင် ဝါဂွမ်းအနာဂတ်ဈေးနှုန်းများသည် တစ်ပေါင်လျှင် ၆၇-၆၈ ဆင့်တွင်ရှိနေပြီး ၎င်းသည် အိန္ဒိယရူပီးဖြင့် ၃၅၆ ကီလိုဂရမ်ရှိ ကန်ဒီ(Candy)တစ်လုံးလျှင် ရူပီး ၄၆,၀၀၀ နှင့်ညီမျှပြီး ပြည်တွင်းဈေးနှုန်းများမှာမူ ကန်ဒီ တစ်လုံးလျှင် ရူပီး ၅၅,၀၀၀ ဝန်းကျင်တွင်ရှိနေကြောင်း Ganatra က ပြောကြားခဲ့သည်။
စက်တင်ဘာလတွင်ကုန်ဆုံးမည့် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ဝါဂွမ်းရောင်းဝယ်ရေးနှစ်အတွက် ပြည်ပမှဝါဂွမ်းတင်သွင်းမှုသည် ဘေထုပ်သိန်းပေါင်း ၄၀ မှ ၄၂ သိန်းအကြားရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ “အောက်တိုဘာ-ဒီဇင်ဘာကာလအတွင်းတွင် ပြီးခဲ့သည့်နှစ် အလားတူကာလက ဘေထုပ် ၁၀ သိန်းတင်သွင်းခဲ့သည်နှင့်နှိုင်းယှဉ်ပါက ဘေထုပ်သိန်းပေါင်း ၁၅ မှ ၂၀ သိန်းအထိ ရောက်ရှိလာမည်ဟု ကျွန်ုပ်တို့ယုံကြည်သည်” ဟု Ganatra က ပြောကြားခဲ့သည်။
Source: The Hindu Businessline, India extends duty-free cotton imports until December 31, Aug 28, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)