International News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၆ လအတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့

Last Updated:

စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုနှုန်းလျော့ကျလာခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၆ လတာကာလအတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၂-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် လတ်ဆတ်သည့်အစားအစာများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ၂.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလအတွင်း ၂.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ အဆိုပါနှုန်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်းမှာ မြင့်တက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်၍ အနိမ့်ဆုံးနှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

လျှပ်စစ်မီတာခများမှာ ၁၈.၁ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ဈေးနှုန်းများမှာ ၁၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို လျော့ကျစေရန်အတွက် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊ ကြာရှည်ခံသည့်စားသောက်ကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုမှာလည်း အောက်တိုဘာလတွင် ၇.၆ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလတွင် ၆.၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထို့အတူ ကြာရှည်ခံသည့်အိမ်သုံးပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်မှုမှာလည်း အောက်တိုဘာလတွင် ၃.၂ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလတွင် ၂.၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ လတ်တလောတွင် ခရီးသွားဧည့်သည်လာရောက်မှုမြင့်တက်ခဲ့ခြင်းကြောင့် ဟိုတယ်ခများမှာ ၆၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်သို့ ၂၀ လဆက်တိုက်ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် လစာတိုးမြှင့်မှုနှုန်းထားများမှာ ငွေကြေးဖောင်းပွမှုနှုန်းထားထက် မြင့်တက်လာနိုင်ကြောင်းလည်း ခန့်မှန်းထားကြပါသည်။ ကုန်စည်အားလုံးကို ထည့်သွင်းတွက်ချက်ထားသည့် နိုဝင်ဘာလအတွက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၈ ရာခိုင်နှုန်းရှိခဲ့ပြီး၊ လတ်ဆတ်သည့်အစားအစာများနှင့်စွမ်းအင်ဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားခနှင့် လောင်စာဆီဈေးနှုန်းများလျော့ကျစေရေးအတွက် အထောက်အပံ့ပေးသည့်အစီအစဉ်များအပါ အဝင် ပြည်သူများနှင့်စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများတတ်နိုင်သမျှလျော့နည်းစေမည့်အစီအမံများကို ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါအစီအစဉ်များကြောင့် ကုန်စည်ဈေးနှုန်းများကျဆင်းကာ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလျက်ရှိကြောင်း သုံးသပ်ရပါသည်။ လျှပ်စစ်ဓာတ်အားခနှင့် လောင်စာဆီဈေးနှုန်းများလျော့ကျစေရေးအတွက် အထောက်အပံ့ပေးသည့်အစီအစဉ်များကိုလည်း ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ တိုးမြှင့်၍ ထောက်ပံ့ပေးသွားရန် ဂျပန်အစိုးရက ကြေညာထားပြီးဖြစ်ပါသည်။  ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား လူသုံးကုန်ဈေးနှုန်းများမြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများအား တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။

Source: The Nikkei Asia (၂၂-၁၂-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News