International News

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် အိန္ဒိယရင်းနှီးမြှုပ်နှံသူများမှ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းစျေးကွက်၌ အမေရိကန်ဒေါ်လာ ၃၃၅ သန်း ရင်းနှီးမြှုပ်နှံခဲ့

Last Updated:

ဒူဘိုင်းတွင် အိန္ဒိယရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၂၀ မှ ၂၀၂၂ ခုနှစ်အတွင်း နှစ်ဆနီးပါးတိုးတက် လာခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ပထမခြောက်လအတွင်း အိန္ဒိယနိုင်ငံသည် ဒူဘိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၃၅ သန်းဖြင့် ထိပ်တန်းရင်းနှီးမြှုပ်နှံသည့်နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ကြောင်း အချက်အလက်များအရ သိရှိရပါသည်။

Vestian ကုမ္ပဏီမှ ရရှိသောအချက်အလက်များအရ ဒူဘိုင်းသည် ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကြားတွင် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံတန်ဖိုးရှိ အိန္ဒိယရင်းနှီးမြှုပ်နှံသူများထံမှ သိသာထင်ရှားသော ရင်းနှီးမြုပ်နှံမှုများကို ရရှိခဲ့ပါသည်။ ဒူဘိုင်း၏ဗျူဟာမြောက်တည်နေရာသည် အခွန်ဖြေလျှော့မှု၊ မူဝါဒများနှင့်အတူ ဈေးကွက်အသစ်ချဲ့ထွင်ရန်ရှာဖွေနေသော အိန္ဒိယရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းပိုင်ရှင်များအတွက် အဓိကမက်လုံးတစ်ခုအဖြစ် ရောက်ရှိခဲ့ပါသည်။

Vestian ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ လက်လီရောင်းချမှုများနှင့် ဧည့်ဝန်ဆောင်မှုကဏ္ဍများ၏ လုပ်ငန်းခွင်ဖြေရှင်းချက်များကို အထူးပြုဆောင်ရွက်နေသည့်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တွင် ရုံးချုပ်တည်ရှိပြီး၊ Vestian သည် အမေရိကန်၊ အိန္ဒိယ၊ တရုတ်၊ ဗြိတိန်၊ သိရိလင်္ကာနှင့် အရှေ့အလယ်ပိုင်းဒေသများတွင်လည်း ရုံးခွဲများ တည်ရှိပါသည်။

ဒူဘိုင်းတွင် အိန္ဒိယရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ဆနီးပါးတိုးလာပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၄၁ သန်းအထိရှိလာခဲ့ပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ပထမခြောက်လတွင် ယခင်နှစ်တစ်ခုလုံး ရင်းနှီးမြှုပ်နှံမှု၏ ၆၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါ သည်။ အိန္ဒိယရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၂ ခုနှစ်တွင် ဒူဘိုင်း၏အိမ်ခြံမြေဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်တန်ဖိုးအထိ သိသိသာသာဝယ်ယူရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ကြောင်းကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကျဆင်းလာသည်နှင့်အမျှ အိန္ဒိယရင်းနှီးမြှုပ်နှံသူများသည် ဒူဘိုင်းတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို အဆက် မပြတ်တိုးမြှင့်ကာ ၂၀၂၀ ခုနှစ်မှစတင်၍ သိသိသာသာမြင့်တက်လာသည့်လမ်းကြောင်းကိုပြသခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၂၀ မှ ၂၀၂၂ ခုနှစ်အထိ နှစ်ဆနီးပါးတိုးလာကာ အပြုသဘောဆောင်သောအရှိန်အဟုန်ကို ထင်ဟပ်စေလာခဲ့ပါသည်။ ဤအပြုသဘောဆောင်သောလမ်းကြောင်းသည် Dubai Economic Agenda D33 တွင်ဖော်ပြထားသော ဒူဘိုင်း၏ စီးပွားရေးအစီအစဉ်နှင့်ဆက်လက်ကိုက်ညီစေရန် မျှော်လင့်ထားကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

စီမံကိန်းအရေအတွက်ရင်းနှီးမြုပ်နှံမှုများအရ အိန္ဒိယနိုင်ငံသည် စုစုပေါင်းပရောဂျက် ၁၂၃ ခုတွင် ကနေဒါနှင့် လတ်ဗီးယားနိုင်ငံများတို့ထက် ရင်းနှီးမြှုပ်နှံမှုများသာလွန်ခဲ့ပြီး စီးပွားရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ လက်လီအရောင်းဆိုင်လုပ်ငန်းများနှင့် ဧည့်ဝန်ဆောင်မှုကဏ္ဍများအတွက် ဦးစားပေးဖြေရှင်းချက်များကို ပံ့ပိုးပေးသည့် နိုင်ငံတကာအိမ်ခြံမြေအတိုင်ပင်ခံ Vestian က ဦးဆောင်နေကြောင်း Dubai Land Department မှ အချက်အလက်များကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံသည် ဒူဘိုင်း၏ GDP ကို ၂၀၃၃ ခုနှစ်တွင် နှစ်ဆတိုးရန် ရည်မှန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအချက်အချာတစ်ခုအဖြစ် ရပ်တည်ရန်ရည်မှန်းထားကာ အိန္ဒိယရင်းနှီးမြှုပ်နှံသူများသည် ယူအေအီးနိုင်ငံ၏တက်ကြွသောအိမ်ခြံမြေဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေစေမည့်မူဝါဒများဖြင့် ဖော်ပြထားသောအခွင့်အလမ်းများအပေါ်တွင် လွှမ်းမိုးမှုများရှိနေကြပြီး လက်ရှိအပြုသဘောဆောင်သောလမ်းကြောင်းသည် ၂၀၂၂ ခုနှစ်တွင် ပြည့်စုံသောစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် ယူအေအီးအစိုးရမှ ချမှတ်ထားသည့် ရည်မှန်းချက်ကြီးမားသော စီးပွားရေးမျှော်မှန်းချက်များကို ပံ့ပိုးပေးနိုင်သည့် အိန္ဒိယနှင့် ယူအေအီးနိုင်ငံများအကြား အပြန်အလှန်အကျိုးရှိသောဆက်ဆံရေးအတွက် သက်သေပြချက်တစ်ခုဖြစ်ကြောင်း Vestian ကုမ္ပဏီ၏ FRICS အဖွဲ့မှ အမှုဆောင်အရာရှိချုပ် Shrinivas Rao က ပြောကြားခဲ့ပါသည်။

ဒူဘိုင်း FDI Monitor ၏ဖော်ပြချက်အရ အိန္ဒိယမှ များပြားသောရင်းနှီးမြှုပ်နှံမှုများသည် အိုင်တီဝန်ဆောင်မှုများနှင့် စီးပွားရေးဝန်ဆောင်မှုကဏ္ဍများဆီသို့ ဦးတည်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်အပြီးတွင် အိန္ဒိယရင်းနှီးမြှုပ်နှံသူအများစုမှာ မြစိမ်းရောက်စီမံကိန်း(Greenfield Projects)များတွင် အမေရိကန်ဒေါ်လာ ၁၀.၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ဖော်ပြထားပါသည်။

Rao က ဒူဘိုင်းသည် အိန္ဒိယနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်တစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရာတွင် ထိပ်တန်းရွေးချယ်မှုတစ်ခုအဖြစ် ပေါ်ထွက်လာပြီး ၎င်းတို့၏မွေးရပ်နိုင်ငံရှိ သိသာထင်ရှားသော အခွန်စည်းကြပ်မှုများထက် အခွင့်သာလွန်သော အခြားရွေးချယ်စရာတစ်ခုကို ကမ်းလှမ်းထားကြောင်း ပြောကြားခဲ့ပါသည်။ G-20 ထိပ်သီးအစည်းအဝေးအတွင်း အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပစင်္ကြံချိတ်ဆက်မည့် နိုင်ငံဖြတ်ကျော်ရထားလမ်းနှင့် သင်္ဘောလမ်းကြောင်းများဆိုင်ရာကြေညာချက်သည် ယူအေအီးနှင့်အိန္ဒိယကြား ချိတ်ဆက်မှုပိုမိုကောင်းမွန်လာစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လာစေရန်မျှော်လင့်ထားကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သည် သဲကန္တာရအပေါ်တွင်တည်ဆောက်ထားပြီး ရာသီဥတုပူပြင်း၍ အပူအအေးပြောင်းလဲမှုများပြားသော်လည်း ဒေသ၏အချက်အခြာကျသောတည်နေရာကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းများမှ မျက်စိကျစေရန်နှင့် လာရောက်ရင်းနှီးမြှုပ်နှံစေရန်အတွက် မဟာဗျုဟာစီမံကိန်းများကို စနစ်တကျရေးဆွဲထားရှိသလို အပြုသဘောဆောင်သောမက်လုံးများနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်မှုများကြောင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများမှာ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်ဖြင့် ပိုမိုတိုးချဲ့လာကြကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတကာနှင့်စီးပွားရေးဆက်ဆံရေးများတွင်လည်း သက်ဆိုင်ရာသဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးထားရှိသည့် အတွက် စီးပွားဘက်နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ခဲ့သလို အဆိုပါနိုင်ငံဖြတ်ကျော်စင်္ကြံလမ်းကြောင်းများသည်လည်း ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ခဲ့သလို အဆိုပါနိုင်ငံဖြတ်ကျော်စင်္ကြံလမ်းကြောင်းများသည်လည်း စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် ပိုမိုသွက်လက်မြန်ဆန်စေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Source:                  khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News