International News

ကမ္ဘာ့စီးပွားရေးမရေရာမှုများရှိနေသော်လည်း အိန္ဒိယနိုင်ငံ၏ ပို့ကုန်တိုးတက်မှုနှုန်း ၁၅ ရာခိုင်နှုန်းမြင့်တက်လာ

Last Updated:

ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၁၄ ရက်အထိကာလအတွင်း အိန္ဒိယနိုင်ငံ၏ ကုန်စည်ပို့ကုန်တင်ပို့မှုမှာ ၁၅ ရာခိုင်နှုန်းခန့်တိုးတက်လာခဲ့ကြောင်း အိန္ဒိယပြည်ထောင်စုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပီယုရှ် ဂိုယယ်လ်၏ပြောကြားချက်များအရ သိရသည်။

မွန်ဘိုင်းမြို့၌ကျင်းပသည့် ပြည်သူ့စာရင်းကိုင်များနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးဂိုယယ်လ်က အမေရိကန်ပြည်ထောင်စုမှ သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်းစည်းကြပ်ထားသော်လည်း အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် အားကောင်းသည့်အရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ကုန်စည်ပို့ကုန်တင်ပို့မှုသည် ၂၀၂၆ ခုနှစ်၊ မေလတွင် ယခင်နှစ်ကာလတူထက် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၆ လတာကာလအတွင်း အမြင့်ဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၄၅.၂ ဘီလီယံအထိရောက်ရှိခဲ့သည်။ သို့သော်လည်း အဆိုပါလအတွင်း ကုန်သွယ်မှုလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၂၈.၂၁ ဘီလီယံအထိကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၇ ဘဏ္ဍာနှစ်၏ ဧပြီ-မေနှစ်လတာကာလအတွင်း ပို့ကုန်တင်ပို့မှုသည် ၁၆.၀၉ ရာခိုင်နှုန်းတိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၈၈.၉၁ ဘီလီယံရှိခဲ့ကာ သွင်းကုန်တင်သွင်းမှုသည်လည်း ၁၅.၁၄ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၁၄၅.၃၅ ဘီလီယံရှိခဲ့သည်။ ထို့ကြောင့် အဆိုပါကာလအတွင်း ကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၅၆.၄၄ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

'ဖွံ့ဖြိုးတိုးတက်သော အိန္ဒိယ'(Viksit Bharat)တည်ဆောက်ရေးတွင် အသိအမှတ်ပြုပြည်သူ့စာရင်းကိုင်များအနေဖြင့် ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းရင်း ဝန်ကြီးဂိုယယ်လ်က ဖွံ့ဖြိုးတိုးတက်မှုကို ဒေသတွင်းအဆင့်မှ စတင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းနှင့်ဖွံဖြိုးတိုးတက် သော အိန္ဒိယနိုင်ငံဖြစ်လာစေရေး မွန်ဘိုင်းမြောက်ပိုင်းမှ စတင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

လောက်ဆာဘား(အောက်လွှတ်တော်)တွင် မွန်ဘိုင်းမြောက်ပိုင်းမဲဆန္ဒ နယ်ကိုကိုယ်စားပြုသည့် ဝန်ကြီး ဂိုယယ်လ်က တာဝန်ရှိသူများ၊ စည်ပင် သာယာရေးအဖွဲ့များနှင့် ကောင်စီဝင်များအနေဖြင့် အဆိုပါဒေသတွင် သန့်ရှင်းရေးလှုပ်ရှားမှုတစ်ရပ်ကို စတင်လုပ်ဆောင်ကြရန်လည်း တိုက် တွန်းခဲ့သည်။

အိမ်ခြေများ၊ လူနေမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်နယ်မြေများကို သန့်ရှင်းအောင်ထိန်းသိမ်းရန်အတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

Source: The Stateman Kolkata : India’s export rise 15 per cent despite global uncertainties : Piyush Goyal

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News