International News

ဗီယက်နမ်နှင့် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တို့သည် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိ

Last Updated:

ဗီယက်နမ်-တရုတ်နှစ်နိုင်ငံ၏ အပြုသဘောဆောင်လျက်ရှိသော ဆက်ဆံရေးကောင်းမွန်မှုအရှိန်အဟုန်အပေါ်တွင် နှစ်နိုင်ငံလုံး၏ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကဏ္ဍများနှင့် ဒေသများ၊ ပါဝင် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများသည် ပိုမိုကောင်းမွန်သော ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင် အထည်ဖော်လျက်ရှိပါသည်။

နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၃.၁ ဘီလီယံအထိရောက်ရှိခဲ့ပြီး နှစ်အလိုက် ၁၂.၃ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကာ ဗီယက်နမ်-တရုတ်ကုန်သွယ်မှုစုစုပေါင်း၏ ၂၁.၃ ရာခိုင်နှုန်းခန့်ရှိပြီး၊သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ၊ မြို့ပြရထားလမ်း များ၊ အဆင့်မြင့်နည်းပညာထုတ်လုပ်မှုနှင့် စက်မှုဇုန်လုပ်ငန်းများတွင် အဓိကပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် GDP အမေရိကန်ဒေါ်လာ ၂.၁ ထရီလီယံနီးပါးဖြင့် တရုတ်နိုင်ငံ၏ဦးဆောင်စီးပွားရေးဗဟိုချက်များထဲမှ တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည့်အပေါ် ဗီယက်နမ်နိုင်ငံ၏ဝန်ကြီးဌာနများ၊ ဒေသန္တရအစိုးရများနှင့် ကွမ်တုံ-ဟောင်ကောင်-မကာအိုပင်လယ်အော်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုတို့ပါ ပိုမိုနက်ရှိုင်းလာမည်ဖြစ်ပါသည်။

၂၀၂၇ ခုနှစ်တွင် ဗီယက်နမ်-ကွမ်တုန်းအကြား (၁၀)ကြိမ်မြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးညီလာခံ(Coordinat ion Conference on Cooperation)ကို အောင်မြင်စွာ ကျင်းပရန်နှင့် ပူးတွဲဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် ဦးစားပေးနယ်ပယ်များကို ဖော်ထုတ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား အဆင့်မြင့်နည်းပညာ၊ထုတ်လုပ်မှုများနှင့် ချိတ်ဆက်ထားသော အထူးစီးပွားရေးဇုန်များနှင့် ငွေကြေးဗဟိုဌာနများ၊ multimodal logistics ကွန်ရက်များ(အထူးသဖြင့် ပင်လယ်ဆိပ်ကမ်းစနစ်များ)မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ကွမ်တုန်းပြည်နယ်ရှိ အဓိကစီးပွားရေးလုပ်ငန်းများအား ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဗီယက်နမ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Nguyen Minh Vu က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံအကြား အစိုးရ/ပုဂ္ဂလိက/အဖွဲ့အစည်း/အသင်းအဖွဲ့များမှ လူပုဂ္ဂိုလ်များအကြား သို့မဟုတ် ဒေသအသီးသီးအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ(people-to-people exchanges)ကိုမြှင့်တင်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ ကွမ်တုန်းဒေသနှင့် Greater Bay Area ရှိ ထိပ်တန်းတက္ကသိုလ်များတွင် ဗီယက်နမ်ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အလမ်းများနှင့် ကွမ်ကျိုးဒေသရှိ ဗီယက်နမ်ကောင်စစ်ဝန်ရုံး၏ လည်ပတ်ဆောင်ရွက်မှုတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်စေရန်နှင့် လွယ်ကူချောမွေ့စေရန်အတွက် တော်လှန်ရေးသမိုင်း ကြောင်းဆက်စပ်မှုရှိသည့် “Red Study Tour” အစီအစဉ်များကို ပူးတွဲစီစဉ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုနှစ် ရှန်ကျန်းတွင် ကျင်းပမည့် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေး ၂၀၂၆(APEC Economic Leaders' Meeting 2026)အပါ အဝင် အခြားပူးပေါင်းဆောင်ရွက်မှုများအတွက် ဗီယက်နမ်ခေါင်းဆောင် များတက်ရောက်ရန် တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ်က ဖိတ်ကြားခဲ့ပြီး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုဇုန်အခြေခံအဆောက်အအုံ၊ မြို့ပြသယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်သစ်အသုံးပြုမှုကဏ္ဍနှင့် အစိမ်းရောင် စီးပွားရေးများ၊ ခရီးသွားလုပ်ငန်းတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားပါသည်။

ကွမ်တုန်းပြည်နယ်သည် တရုတ်နိုင်ငံ၏ စီးပွားရေးအင်ဂျင်ကြီးတစ်ခုအနေဖြင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် အာဆီယံတွင် အရေးပါသော စီးပွားရေးနိုင်ငံတစ်ခုအဖြစ်လည်းကောင်း ဗီယက်နမ်-ကွမ်တုန်းအကြားဆက်ဆံရေးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသက်သက်မဟုတ်ဘဲ ဒေသအသီးသီးအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်နိုင်မှုတို့ကိုပါ တပါတည်းဆောင်ရွက်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်းနှင့် တရုတ်-ဗီယက်နမ်ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

(လဲ့လဲ့နှင်း၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News