International News

ပဲစဉ်းငုံနှင့်မတ်ပဲကို သိုလှောင်ခြင်းမှ တားဆီးရန်နှင့် စားသုံးသူများအတွက် ဈေးနှုန်းချိုသာစေရန် အိန္ဒိယအစိုးရ ဆောင်ရွက်

Last Updated:

အိန္ဒိယအစိုးရသည် ပဲစဉ်းငုံနှင့် မတ်ပဲကုန်စည်လက်ကျန်ကန့်သတ်ချက်ကို ၁၉၅၅ ခုနှစ် အရေးကြီးကုန်စည်များအက်ဥပဒေအရ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အချိန်တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ပဲလက်ကားဒိုင်များနှင့် လက်လီဆိုင်ကြီးများအနေဖြင့် အဆိုပါပဲများကို ၅၀ တန်မှ ၂၀၀ တန် အထိသာ သိုလှောင်ရောင်းချခွင့်ပြုရန် အမြင့်ဆုံးသိုလှောင်ထားရှိနိုင်သည့်ပမာဏကို နှိမ့်ချသတ်မှတ်ခဲ့သည်။ အဆိုပါပဲကုန်စည်လက်ကျန်သတ်မှတ်ချက်ကို အစိုးရက ယခုနှစ် ဇွန်လ ၂ ရက်နေ့က စတင်သတ်မှတ်ခဲ့ပြီး၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ အာဏာသက်ဝင်မည်ဖြစ်ကြောင်း ဦးစွာပထမထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အိန္ဒိယအစိုးရက ပဲကြိတ်ခွဲပြုပြင်ထုတ်လုပ်သူများအား အရေအတွက်ကန့်သတ်ထိန်းချုပ်ရာတွင် ယခင်က လွန်ခဲ့သော သုံးလတာကာလအတွင်းက ထုတ်လုပ်မှုပမာဏ သို့မဟုတ် နှစ်စဉ်ထုတ်လုပ်မှုပမာဏ၏ ၂၅ ရာခိုင်နှုန်းအနက် များရာယူရန် သတ်မှတ်ခဲ့ရာမှ ယခုအခါ လွန်ခဲ့သော ၁ လတာကာလအတွင်းက ထုတ်လုပ်မှု သို့မဟုတ် နှစ်စဉ်ထုတ်လုပ်မှုပမာဏ၏ ၁၀ ရာခိုင်နှုန်းအနက် များရာယူရန် ၎င်းတို့အား သိုလှောင်ရောင်းချနိုင်သည့် ပမာဏကို လျှော့ချသတ်မှတ်ခဲ့သည်။

“ပဲစတော့ကန့်သတ်ချက်များနှင့် အချိန်ကာလတိုးချဲ့ရန် ပြန်လည်ပြင်ဆင်ခြင်းသည် ပဲစဉ်းငုံနှင့်မတ်ပဲများကို သိုလှောင်ခြင်းမှ တားဆီးရန်၊ စျေးကွက်သို့လုံလောက်သောပမာဏဖြင့် စဉ်ဆက်မပြတ်ရောက်ရှိစေရန်နှင့် စားသုံးသူများအနေဖြင့် ၎င်းတို့ကို တတ်နိုင်သောစျေးနှုန်းများဖြင့် ဝယ်ယူရရှိစေရန်ဖြစ်သည်” ဟု အိန္ဒိယစားသုံးသူရေးရာ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

လက်လီအရောင်းဆိုင်ကြီးများအတွက် ၎င်းတို့၏ လက်လီအရောင်းဆိုင်ငယ်တစ်ခုစီတွင် ပဲ ၅ တန်အထိသာ သိုလှောင်ရောင်းချနိုင်ရန် သတ်မှတ်ချက်ကို ဆက်လက်ထားရှိမည်ဖြစ်သော်လည်း ယခုအခါကုန်လှောင်ရုံအဆင့်တွင် ပဲ ၅၀ တန်သာ သိုလှောင်ထားရှိရန် လျှော့ချသတ်မှတ်သွားမည်ဖြစ်သည်။ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အကောက်ခွန်ရှင်းလင်းခြင်းကိစ္စ ဆောင်ရွက်ပြီးစီးသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အထိ ပဲသွင်းကုန်စတော့များကို ဆက်လက်ထိန်းသိမ်းထားခွင့်ရှိကြောင်း သိရသည်။

ပဲလက်ကျန်အခြေအနေ

သွင်းကုန်လုပ်ငန်းရှင်များ၊ ပြုပြင်ထုတ်လုပ်သူများ/ကြိတ်စက်များ၊ လက်ကားရောင်းချသူများနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ အွန်လိုင်းပေါ်တယ်(https:// fcainfoweb.nic.in/psp)တွင် စတော့လက်ကျန်အခြေအနေကို ဆက်လက်၍ ထုတ်ပြန် ကြေညာရန် တောင်းဆိုထားသော်လည်း၊ အစိုးရ၏အမိန့်ကြော်ငြာစာတွင် “ပုံမှန်”ဟူသောအသုံးအနှုန်းကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိကြောင်း သိရသည်။

အိန္ဒိယအစိုးရ၏အချက်အလက်များအရ ပဲစဉ်းငုံစိုက်ဧရိယာစုစုပေါင်းသည် ပြီးခဲ့သည့်နှစ်က ၄၆ ဒသမ ၀၆ သိန်းဟက်တာရှိခဲ့ရာမှ ယခုနှစ် ပဲစိုက်ရာသီတွင် စက်တင်ဘာလ ၂၂ ရက်နေ့အထိ ၄၃ ဒသမ ၆၉ သိန်းဟက်တာသာရှိသေးကြောင်း၊ မတ်ပဲစိုက်ဧရိယာမှာ ပြီးခဲ့သည့်နှစ်က ၃၃ ဒသမ ၃၁ သိန်းဟက်တာရှိပြီး ယခုနှစ်တွင် ၃၂ ဒသမ ၇၉ သိန်းဟက်တာသာရှိသည်ဟု ကုန်သည်များက ပြောကြားခဲ့သည်။ သြဂုတ်လအတွင်း မိုးရွာသွန်းမှုနည်းပါးပြီး ယခုလအတွင်း မိုးအလွန်အကျွံရွာသွန်းသည့်ဒေသများတွင် ပဲအထွက်နှုန်း လွန်စွာကျဆင်းမည်ဖြစ်ကြောင်း ကုန်သည်များက ပြောကြားသည်။ ထို့အပြင် ရာသီနှောင်းပိုင်း၌ စိုက်ပျိုးထားသော ပဲမျိုးစုံသည်လည်း ထုတ်လုပ်မှုလျှော့ကျနိုင်ဖွယ်ရှိကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ယခုနှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် ပဲစဉ်းငုံ၏ ပျမ်းမျှလက်လီဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၁၄၉ ရူပီးရှိပြီး လွန်ခဲ့သောတစ်လကထက် ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယခင်နှစ် ကာလတူရှိ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ အလားတူပင် ယခုနှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် မတ်ပဲဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၁၁၈ ရူပီးရှိခဲ့ပြီး လွန်ခဲ့သော တစ်လကထက် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယခင်နှစ် ကာလတူဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း တရားဝင်စာရင်းများအရ သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယအစိုးရသည် ပဲစဉ်းငုံနှင့်မတ်ပဲကို အရေးကြီးကုန်စည်များအနေဖြင့် သတ်မှတ်၍ ကုန်စည်လက်ကျန်အခြေအနေကို မပြတ်စောင့်ကြည့်ထိန်းချုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ ရာသီဥတုမူမမှန်မှုကြောင့် ယခင်နှစ်များထက် ပဲအထွက်နှုန်းပိုမိုကျဆင်းနိုင်သည့် အလားအလာများရှိသည့်အတွက် မြန်မာနိုင်ငံမှ ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲလိုအပ်ချက်ကို သိရှိပြီး ကြိုတင်စီမံဆောင်ရွက်နိုင်ရန် သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Hindu Businessline သတင်းဌာန၊ “Move to prevent hoarding and make the pulses affordable to consumers”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News