International News

လျှပ်စစ်ဓာတ်အားခဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ မေလတွင် မြင့်တက်ခဲ့

Last Updated:

လျှပ်စစ်ဓာတ်အားခဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ မေလတွင် ၃ လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်ခဲ့ပြီး၊ ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်ကို ရောက်ရှိခဲ့ပါသည်။

အဆိုပါသတင်းတွင် လတ်ဆတ်သည့်အစားအစာဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ဧပြီလတွင် ၂.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ပြီး ၂.၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ စီးပွားရေးဆိုင်ရာစစ်တမ်းများ ကောက်ယူလျက်ရှိသည့် QUICK အဖွဲ့၏စီးပွားရေးပညာရှင်များအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၆ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည့်အတွက် ခန့်မှန်းချက်ထက် အနည်းငယ်လျော့နည်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဈေးနှုန်းများမြင့်တက်ခဲ့သည့်အတွက် အိမ်ထောင်စုများ၏လျှပ်စစ်မီတာခနှင့် ဂတ်စ်ဈေးနှုန်းများမှာ ၁၄.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ တာရှည်ခံစားသောက်ကုန်များမှာ ၃.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ နိုင်ငံရပ်ခြားခရီးသွားလာစရိတ်မှာ ၆၇.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

လတ်ဆတ်သည့်စားသောက်ကုန်များနှင့် လောင်စာဆီဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ၂.၄ ရာခိုင်နှုန်းရှိခဲ့ရာမှ မေလတွင် ၂.၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ လျှပ်စစ်မီတာခများနှင့် ဂတ်စ်ဖိုးများအပေါ် ဂျပန်အစိုးရ၏ ပံ့ပိုးပေးမှုအစီအစဉ်များမှာ မေလမှစတင်၍ လျှော့ချသွားမည်ဖြစ်သည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် အိမ်ထောင်စုအသုံးစရိတ်များမှာ ပိုမိုများပြားလာနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

သို့သော် ပြည်တွင်းဝယ်လိုအားကျဆင်းလာခြင်း၊ လစာနှုန်းထားမြင့်တက်မှုလျော့နည်းလာခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ လျော့နည်းလာနိုင်ကြောင်း၊ တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းနိုင်ကြောင်း ဖော်ပြ ထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News