International News

ဂျပန်အစိုးရအနေဖြင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကို လျှော့ချနိုင်မည့် မဟာဗျူဟာတစ်ရပ်ချမှတ်ခဲ့

Last Updated:

ဒစ်ဂျစ်တယ်အသိုက်အဝန်းတစ်ရပ်ဖော်ဆောင်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မူဝါဒဆိုင်ရာဦးစားပေးအစီအစဉ်များကို ၂၁-၆-၂၀၂၄ ရက်နေ့တွင် ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါအစီအစဉ်တွင် အွန်လိုင်းကြော်ငြာများ၊ Cloud Storage နှင့် Software လိုင်စင်ကြေးများပေးချေရသည့်ငွေကြေးများ များပြားခဲ့ခြင်းကြောင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊အဆိုပါလိုငွေကို လျှော့ချနိုင်ရေးအား အစိုးရ၏ပထမဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါသတင်းတွင် ၂၀၁၅ ခုနှစ်မှစတင်၍ ဒစ်ဂျစ်တယ်နှင့်ဆက်စပ်သည့် ဝန်ဆောင်ခများပေးချေရမှုမှာ ၂ ဆ ကျော်များပြားလာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၅.၃၅ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၃၃.၇ ဘီလီယံ)ရှိခဲ့ကြောင်း ဂျပန်ဗဟိုဘဏ်၏ငွေပေးငွေယူရှင်းတမ်းများအရ သိရှိရကြောင်း၊ အဆိုပါအချက်မှာ ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည်လာရောက်မှုများပြားလျက်ရှိသော်လည်း ဂျပန်နိုင်ငံ၌ ဘဏ္ဍာရေးလိုငွေပြရသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း၊ Generative Artificial Intelligence အသုံးပြုမှုများပြားလာသည်နှင့်အမျှ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများရယူအသုံးပြုမှုလည်း များပြားလာမည်ဖြစ်ကာ၊ Google၊  Amazon နှင့် Microsoft ကဲ့သို့သောအမေရိကန်နည်းပညာကုမ္ပဏီများသို့ ဂျပန်နိုင်ငံမှ ငွေကြေးများစီးဆင်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်ရန်လည်းခက်ခဲပြီး၊ မှီခိုမှုလျော့ချနိုင်ရန်မှာလည်း မလွယ်ကူကြောင်း၊ ကုမ္ပဏီများတွင် အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်၊ ကိုယ်ပိုင်ထုတ်ကုန်နှင့် တန်ဖိုးမြှင့်ဝန်ဆောင်မှုများဖန်တီးရန်အတွက် ဂျပန်နိုင်ငံတွင် စိန်ခေါ်မှုများကြုံတွေ့နေရကြောင်း ဖော်ပြထားပါသည်။

အစိုးရ၏မူဝါဒဆိုင်ရာ စီမံချက်အသစ်အရ ဂျပန်ကုမ္ပဏီများအနေဖြင့် စီးပွားရေးလုပ်ငန်းအသစ်များ ဆောင်ရွက်ခြင်းနှင့် ထုတ်ကုန်အသစ်များထုတ်လုပ်ခြင်းဆိုင်ရာ ရလဒ်များကို တင်ပြရန်လိုအပ်လာမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်မှာ လူတိုင်းအသုံးပြုနေသည့် System နှင့် Program မည်မျှကို ဂျပန်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည်ဆိုသည့်အချက်အလက်ကို ရယူသွားမည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ကဏ္ဍတွင် အခြေခံအုတ်မြစ်တည်ဆောက်ရန်အတွက် အချက်အလက်များပေါင်းစည်းမှုမြှင့်တင်နိုင်မည့် မူဘောင်တစ်ရပ်လည်း တည်ထောင်သွားမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် လိုအပ်သည့်ကျွမ်းကျင်မှုများရရှိစေရေးအတွက်လည်း သင်တန်းများပို့ချပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အသက်အရွယ်အိုမင်းလာမှုသည် ဒစ်ဂျစ်တယ်စနစ်ကိုအသွင်ကူးပြောင်းရာတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ စနစ်ပျက်ယွင်းမှု(System Failure)ဖြစ်ခြင်းကြောင့် စီးပွားရေးဆိုင်ရာဆုံးရှုံးမှုများမှာ တစ်နှစ်လျှင် ၁၂ ထရီလီယံယန်းရှိလာနိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။ စီးပွားရေးဝန်းကျင်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေရှိပြီး၊ ကုန်ကျစရိတ်သက်သာသည့် Cloud နည်းပညာအသုံးပြုမှုမြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများ မကြာခဏကြုံတွေ့ရသည့်အတွက် အစိုးရမှထုတ်ပြန်ခဲ့သည့်မူဝါဒတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေးကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း၊ နိုင်ငံတစ်ဝန်းသတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူအရေအတွက်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ၂၀,၀၀၀ ဦးရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၅၀,၀၀၀ ဦးရှိရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ နိုင်ငံတစ်ဝန်းရှိ ခရိုင်များမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့်လည်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံအသိပညာနှင့် ကျွမ်းကျင်မှုများရရှိလာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia (၂၂-၆-၂၀၂၄)

Category: International News