ဗီယက်နမ်-စင်ကာပူစက်မှုဇုန်(Vietnam-Singapore Industrial Park- VSIP) စီမံကိန်းအရ ဗီယက်နမ်နိုင်ငံတစ်ဝှမ်းတွင် စက်မှုဇုန်အသစ် ၄ ခုကို ထပ်မံတိုးချဲ့လျက်ရှိပြီး အဆိုပါဧရိယာအတွင်း အဆင့်မြင့်ထုတ်ကုန်သုတေသနဗဟိုဌာနအသစ်တစ်ခုကိုလည်း တည်ဆောက်ရန်လျာထားကြောင်း ဗီယက်နမ်နိုင်ငံ၊ ကွန်မြူနစ် ပါတီအကြီးအကဲနှင့် သမ္မတ To Lam ၏ စင်ကာပူနိုင်ငံသို့ လေးရက်ကြာ နိုင်ငံတော်အဆင့်ခရီးစဉ်အတွင်း ထုတ်ပြန်ခဲ့ပါသည်။
သမ္မတတိုလမ်၏ လေးရက်ကြာ နိုင်ငံတော်အဆင့်ခရီးစဉ်အတွင်းက ထုတ်ပြန် ကြေညာခဲ့သောအောင်မြင်မှုရလဒ် ၇ ခုအနက် ယခုစီမံကိန်းသည် တစ်ခုအပါအဝင် ဖြစ်ပြီး ယခုကဲ့သို့တိုးချဲ့ဆောင်ရွက်ခြင်းကြောင့် စုစုပေါင်းစက်မှုဇုန်အရေအတွက်သည် ယခင်က ၂၂ ခုရှိရာမှ ၂၆ ခုအထိရှိလာခဲ့သဖြင့် ယခုနှစ်ကုန်တွင် စုစုပေါင်း စက်မှုဇုန် ၃၀ ခုအထိတိုးမြှင့်ရန် စင်ကာပူနိုင်ငံ၏ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
VSIP ကွန်ရက်သည် စင်ကာပူနိုင်ငံ၏ Temasek ကုမ္ပဏီအခြေပြုစွမ်းအင်ကူးပြောင်းမှုနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်သည့် Sembcorp Industries နှင့် ဗီယက်နမ်နိုင်ငံပိုင်စက်မှုဇုန်နှင့် မြို့သစ်တည်ထောင်ရေးလုပ်ငန်းများဆောင်ရွက်သော Becamex တို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်သည့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရစီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ Sembcorp ၏ထုတ်ပြန်ချက်အရ စက်မှုဇုန်အသစ် ၄ ခုကို Nghe An ပြည်နယ်၊ Ninh Binh ပြည်နယ်၊ ဟိုချီမင်းမြို့နှင့် Hai Phong မြို့တို့တွင် တည်ဆောက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်း၏ခရီးစဉ်အတွင်း VSIP တွင် ပါဝင်သော လူနေအိမ်ရာစီမံကိန်းနှစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုမှတ်ပုံတင်လက်မှတ်များကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
စင်ကာပူနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ(A*Star)နှင့် ဗီယက်နမ်နိုင်ငံ၏ Becamex တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU)အရ VSIP ဂေဟစနစ်အတွင်း အဆင့်မြင့်ထုတ်ကုန်သုတေသနဗဟိုဌာနတစ်ခုကို တည်ဆောက်ရန်နှင့် စီမံကိန်းပထမအဆင့်ကို ယခုနှစ်တွင် စတင် ဆောင်ရွက်ရန်လျာထားပါသည်။
အဆိုပါသဘောတူညီချက်အရ VSIP အတွင်း၌ စံပြစက်ရုံများနှင့် လက်တွေ့စမ်းသပ်ခန်းများဆောင်ရွက် ရန်သဘောတူညီခဲ့ကြပြီး ကုမ္ပဏီများ၏အဆင့်မြင့်ကုန်ထုတ်လုပ်မှုအတွက် ကနဦးစမ်းသပ်ခြင်းဆိုင်ရာနည်းလမ်းများနှင့် အခြားသော နည်းပညာအဆင့်မြှင့်တင်မှုများပြုလုပ်နိုင်ရန် ကူညီပေးမည်ဖြစ်ပါသည်။
ဗီယက်နမ်အဆင့်မြင့်ထုတ်ကုန်သုတေသနဗဟိုဌာနကို တည်ထောင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်း ဆိုင်ရာကိစ္စရပ်များကို Becamex က ဆောင်ရွက်သွားမည်ဖြစ်ပြီး A*Star အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံဉာဏ်များပေးအပ်ခြင်းအပြင် အဆင့်မြင့်ထုတ်လုပ်မှုစွမ်းရည်များ အကောင်အထည်ဖော်နိုင်စေရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ အဆိုပါဗဟိုဌာနသည် ဒေသတွင်း၌ စင်ကာပူနိုင်ငံက ဦးဆောင်သည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အဓိကအခြေစိုက်ရာနေရာဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
စင်ကာပူနိုင်ငံသမ္မတ Tharman Shanmugaratnam က VSIP စီမံကိန်းသည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်ဖြစ်ကြောင်း၊ ယခုနှစ်သည် အဆိုပါစီမံကိန်း၏ နှစ်(၃၀)ပြည့်မြောက်သည့်နှစ်ဖြစ်ကြောင်းနှင့် စက်မှုဇုန်များ သည် အလုပ်အကိုင်ကောင်းများဖော်ဆောင်ပေးသည့်အပြင် တန်ဖိုးမြင့်ရင်းနှီး မြှုပ်နှံမှုများကိုလည်း ဆွဲဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
VSIP စက်မှုဇုန်များသည် ငှားရမ်းလုပ်ကိုင်သူ ကုမ္ပဏီပေါင်း ၁,၀၀၀ ခန့်ထံမှ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် အလုပ်အကိုင်ပေါင်း ၃၄၀,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ လက်ရှိတွင် VSIP ၏စက်မှုဇုန် ၂၆ ခုသည် စုစုပေါင်းဧရိယာဟက်တာ ၁၄,၃၀၀ ကျော်အထိအကျယ်အဝန်းရှိပါသည်။ တန်ဖိုးမြင့်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော အစိမ်းရောင်စွမ်းအင်စနစ်များအပေါ် အဓိကထားသည့် VSIP 2.0 စက်မှုဇုန်ပုံစံကို ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအရ စင်ကာပူ-ဗီယက်နမ်မဟာ ဗျူဟာမြောက်ဆွေးနွေးပွဲအဖြစ် ပထမအကြိမ်ဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။ ထို့ပြင် စင်ကာပူအစားအစာအေဂျင်စီ(Singapore Food Agency-SFA)နှင့် ဗီယက်နမ်စိုက်ပျိုး ရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ စင်ကာပူ-ဗီယက်နမ်လယ်ယာထွက်ကုန်အစားအစာကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့(Singapore-Vietnam Agrifood Trade Task Force)ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဖော်ပြပါနယ်ပယ်များအပြင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အဆင့်မြင့်ပညာရေး ဆိုင်ရာ ကိစ္စရပ်များ၊ ထောက်ပံ့မှုကွင်းဆက်ကြံ့ကြံ့ခံနိုင်မှု စသည့်နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြပါသည်။
စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည် နှစ်နိုင်ငံအကျိုးစီးပွားကိုသာမက ဒေသတွင်းနိုင်ငံများ၊ အထူးသဖြင့် အာဆီယံနိုင်ငံများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်လာစေနိုင်ပါသည်။ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံဆက်ဆံရေးများတိုးမြှင့်ဆောင်ရွက်လာနိုင်ပါက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလာစေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အတတ်ပညာ၊ နည်းပညာနှင့် ငွေကြေးအကူအညီများလည်း ပိုမိုရရှိလာစေနိုင်မည်ဖြစ်ပါသည်။
ရင်းမြစ်။ The Business Times သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)