International News

လောင်စာဆီဝယ်ယူရရှိမှုအပေါ် စိုးရိမ်မှုများရှိနေသော်လည်း ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုမြင့်တက်ခဲ့

Last Updated:

လောင်စာဆီဝယ်ယူရရှိမှုအပေါ် စိုးရိမ်မှုများရှိနေသော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ဂျပန်နိုင်ငံ၏ တင်ပို့၊ တင်သွင်းမှုတိုးတက်လာခဲ့ကြောင်း The mainichi သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan records bigger exports and imports in April, despite oil supply concerns ” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားလျက်ရှိသည့် စစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူရရှိမှုများအပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသော်လည်း ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ဂျပန်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည်  မျှော်မှန်းထားသည်ထက် ကျော်လွန်ကာ ပြီးခဲ့သည့်နှစ် ကာလတူကထက် ၁၄.၈% မြင့်တက်လာခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ တင်ပို့မှုများအနက် အာရှဒေသရှိ နည်းပညာမြင့်မားသည့် ထုတ်လုပ်သူများက ဉာဏ်ရည်တုအသုံးပြုသည့်ပစ္စည်းများအတွက် လိုအပ်သည့်ကွန်ပျူတာချစ်ပ်ပြားများနှင့်အခြေခံကုန်ကြမ်းပစ္စည်းများတွင် ထည့်သွင်းအသုံးပြုရသည့် ကြားခံလျှပ်ကူးပစ္စည်း(Semiconductor)တင်ပို့မှု သည် ယခင်နှစ်ကာလတူကထက် ၄၂% နီးပါးတိုးတက်ကာ အဆိုပါကုန်ပစ္စည်းတင်ပို့မှုမြင့်တက်လာသည်မှာ ၈ လဆက်တိုက်ရှိပြီဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း ဂျပန်နိုင်ငံ၏သွင်းကုန်ကဏ္ဍသည်လည်း ယခင်နှစ်အလားတူကာလထက် ၉.၇% မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ကုန်သွယ်မှုလိုငွေပြခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ မတ်လတွင် ကုန်သွယ်မှုပိုငွေယန်း ၆၄၃ ဘီလီယံနီးပါးရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ကုန်သွယ်မှုပိုငွေယန်း ၃၀၁.၉ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ)ရရှိခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဂျပန်နိုင်ငံမှ ဆေးဝါးပစ္စည်းများ၊စက္ကူထုတ်ကုန်များနှင့်လျှပ်စစ်စက်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ တရုတ် နိုင်ငံသို့ တင်ပို့မှု ၁၅.၅ % ၊ တင်သွင်းမှု ၁၅ %၊ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှု ၉.၅ %၊ တင်သွင်းမှု ၂၃ % အသီးသီးတိုးတက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဂျပန်နိုင်ငံ၏ စုစုပေါင်းသွင်းကုန်ပမာဏမြင့်တက်ခဲ့သော်လည်း အီရန်စစ်ပွဲကြောင့် ပါရှန်ကွေ့မှ ကုန်စည်တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားသည့်အတွက် ကုန်စည်ထောက်ပံ့ပို့ဆောင်မှုလမ်း ကြောင်းများရပ်ဆိုင်းကာ ဂျပန်နိုင်ငံသို့ ရေနံတင်သွင်းမှုသည် ယခင်နှစ်ကထက် ၅၀% နီးပါး၊သဘာဝဓာတ်ငွေ့(LNG)တင်သွင်းမှုသည် ၂၀% ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် ပြည်တွင်းသုံးစွဲသည့် လောင်စာဆီအားလုံးနီးပါးကို ပြည်ပမတင်သွင်းနေရခြင်းဖြစ်သည့်အတွက် ဂျပန်ဝန်ကြီးချုပ်က ပြည်တွင်းလောင်စာဆီသုံးစွဲမှု ပြတ်လပ်မှုမရှိစေရေးအတွက် နိုင်ငံတွင် အရန်ထားရှိသည့် ရေနံအချို့ကို ထုတ်ယူသုံးစွဲရန် ညွှန်ကြားခဲ့သော်လည်း ပြည်တွင်းတွင် လိုအပ်ချက်များရှိနေသည့်အတွက် ရေနံစျေးနှုန်းများမြင့်တက်လာခဲ့ပြီး နက်ဖ်သာ(Naphtha)ကဲ့သို့သော ရေနံအခြေခံထုတ်ကုန်များထုတ်လုပ်မှုကိုလည်း ထိခိုက်စေခဲ့ကြောင်း၊ အီရန်စစ်ပွဲမဖြစ်ပွားမီက တစ်စည်လျှင် ၇၀ ဒေါ်လာဝန်းကျင်သာရှိခဲ့သော ဘရန့်ဒ်ရေနံစိမ်း(Brent Crude) စျေးနှုန်းသည် ၁၀၀ ဒေါ်လာအထက်သို့ မြင့်တက်သွားခဲ့ပြီး၊ ယန်းငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် ဂျပန်နိုင်ငံအနေဖြင့် ဒေါ်လာဖြင့်ဝယ်ယူရသည့် ရေနံတင်သွင်းရာတွင် ကုန်ကျစရိတ်ပိုမိုကြီးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: https://www.asahi.com/ajw/articles/16581269

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News