International News

အိန္ဒိယဗဟိုဘဏ်နှင့် အာဆီယံနိုင်ငံများ နယ်စပ်ဖြတ်ကျော်အမြန်ငွေပေးချေမှုစနစ်တစ်ခု ဖော်ဆောင်မည်

Last Updated:

အိန္ဒိယဗဟိုဘဏ်(RBI)နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)အဖွဲ့ဝင်နိုင်ငံများသည် နယ်စပ်ဖြတ်ကျော်လက်လီငွေပေးချေမှုများကို အမြန်ဆုံးပြုလုပ်နိုင်မည့်စနစ်တစ်ခုကို ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး RBI သည် စနစ်များတည်ဆောက်ရာတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုချင်းစီနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

"အိန္ဒိယဗဟိုဘဏ်သည် နိုင်ငံအများအပြားနှင့် နှစ်နိုင်ငံသဘောတူညီချက်များဖြင့် ပုဂ္ဂိုလ်မှ ပုဂ္ဂိုလ်(P2P)နှင့်ပုဂ္ဂိုလ်မှ ကုန်သည်(P2M)ငွေပေးချေမှုများအတွက် အိန္ဒိယ၏အမြန်ငွေပေးချေမှုစနစ်(Fast Payment System-FPS)၊ပေါင်းစည်းငွေပေးချေမှုစနစ်(မိုဘိုင်းဖုန်းဖြင့် ငွေပေးချေမှုစနစ်)Unified Payments Interface(UPI)ကို ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံ၏ FPS များနှင့်ချိတ်ဆက်ရန်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်" ဟု RBI က တနင်္လာနေ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မြန်ဆန်သောငွေပေးချေမှုစနစ်များ၏ အပြန်အလှန်ချိတ်ဆက်မှုသည် အိန္ဒိယနှင့် ၎င်း၏မိတ်ဖက်နိုင်ငံများကို အကျိုးပြုနိုင်သော်လည်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုသည် ပြည်တွင်းငွေပေးချေမှုစနစ်များ၏ ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှုကိုချဲ့ထွင်ရန်ရည်ရွယ်သည့် ကြိုးပမ်းမှုများကို ပိုမိုတွန်းအားဖြစ်စေလိမ့်မည်ဖြစ်ကြောင်း RBI မှ ပြောကြားထားသည်။

အိန္ဒိယဗဟိုဘဏ်သည် ယခုအခါပြည်တွင်းအမြန်ငွေပေးချေမှုစနစ်များကို အပြန်အလှန်ချိတ်ဆက်ခြင်းဖြင့် နယ်စပ် ဖြတ်ကျော်လက်လီငွေပေးချေမှုများကို ဆောင်ကြဉ်းရန် နိုင်ငံပေါင်းစုံ၏ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်သည့် “Project Nexus” တွင် ပါဝင်လာခဲ့သည်။

နိုင်ငံတကာငွေပေးချေမှုဘဏ်(Bank of International Settlement-BIS)၏ ဆန်းသစ်တီထွင်မှုဗဟိုဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Nexus သည် အာဆီယံနိုင်ငံလေးနိုင်ငံ(မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်း)နှင့် အိန္ဒိယနိုင်ငံတို့၏ အမြန်ငွေပေးချေမှုစနစ်(FPS)များကို ချိတ်ဆက်ရန် ရည်ရွယ်ထားကြောင်း၊ ယင်းနိုင်ငံများသည် ယခုစနစ်ကို စတင်တည်ထောင်သည့်နိုင်ငံများနှင့် စတင်ပါဝင်လာသူများဖြစ်ကြောင်း  RBI မှ ပြောကြားခဲ့သည်။

ထို့အတူ ဇွန်လ ၃၀ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ Basel တွင် BIS နှင့် တည်ထောင်သူနိုင်ငံ လေးနိုင်ငံ၏ဗဟိုဘဏ်များက သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် အထူးလေ့လာသူတစ်ဦးအဖြစ် ပါဝင်ခဲ့ကြောင်း RBI က ပြောကြားထားသည်။

၂၀၂၆ ခုနှစ်တွင် စတင်အသုံးပြုနိုင်ဖွယ်ရှိသောယင်းစနစ်ကို နောင်တွင် နိုင်ငံများစွာသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို အသုံးပြုနိုင်သည်နှင့်တစ်ပြိုင်နက် Nexus သည် နယ်စပ်ဖြတ်ကျော်လက်လီငွေပေးချေမှုများကို ပိုမိုထိရောက်မြန်ဆန်ပြီး အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း RBI က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အိန္ဒိယနှင့် စင်ကာပူသည် နှစ်နိုင်ငံကြား အချိန်နှင့်တစ်ပြေးညီ ငွေပေးချေမှုစနစ် ချိတ်ဆက်မှုကိုစတင်ခဲ့သည်။ ယမန်နှစ်နိုဝင်ဘာလတွင် RBI ဥက္ကဋ္ဌ Shaktikanta Das က အိန္ဒိယနှင့် ဂျပန်တို့သည် ၎င်းတို့၏အမြန်ငွေပေးချေမှုစနစ်များကို ချိတ်ဆက်ခြင်းကိုလည်း ဆောင်ရွက်နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

Source: The Economic Times, RBI, ASEAN countries to create instant cross-border retail payments platform, The Economic Times, 1 July 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News