International News

တရုတ်နိုင်ငံက အီးယူနိုင်ငံမှ တင်သွင်းသော ဝက်သားနှင့် ဝက်သားထုတ်ကုန်များအပေါ် စုပုံတင်သွင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းများစတင်

Last Updated:

တရုတ်နိုင်ငံက ၎င်း၏လျှပ်စစ်ကားတင်ပို့မှုကို ကန့်သတ်ထားသည့် အီးယူအား တုံ့ပြန်သည့်အနေဖြင့် စပိန်၊ နယ်သာလန်နှင့် ဒိန်းမတ်တို့မှ တင်သွင်းလာသော ဝက်သားနှင့်ဝက်သားထုတ်ကုန်များအပေါ်  စုပုံတင် သွင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းများ စတင်လိုက်ပြီဖြစ်သည်။ Reuters သတင်းဌာနအဆိုအရ တရုတ်သို့ တင်သွင်းလာသည့် လတ်ဆတ်သောဝက်သား၊ အေးခဲထား သောဝက်သား၊ အသားလှီးဖြတ်ထားသော ဝက်သား၊ ဝက်အူများ၊ ကျောက်ကပ်နှင့် အစာအိမ်စသည့် ဝက်သားပုံစံအမျိုးမျိုးကို ဇွန်လ ၁၇ ရက်နေ့မှစ၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။ တရုတ်တိရစ္ဆာန် မွေးမြူရေးအသင်းမှ ဇွန် ၆ ရက်က တိုင်ကြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တရုတ် စီးပွား/ကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

ဥရောပကော်မရှင်က တရုတ်နိုင်ငံမှ တင်သွင်းသော ကားများအပေါ် ဇူလိုင်လမှစ၍ အခွန် ၃၈.၁ % ကောက်ခံသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့က ကြေငြာလိုက်ပြီးနောက် ကမ္ဘာတလွှားရှိ စား သောက်ကုန် ကုမ္ပဏီများက တရုတ်ဘက်မှ တန်ပြန်လာမည့် အကောက်ခွန်စည်းကြပ်မှုများအပေါ် စိုးရိမ်နေကြပါသည်။ တရုတ်နိုင်ငံသို့ ဝက်သားအဓိကရောင်းချသည့် စပိန်နိုင်ငံ၊ ဝက်သားထုတ်လုပ်သူများအဖွဲ့ Interporc က တရုတ်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နှစ်ဘက်သဘောတူညီချက်ရရန် အချိန်များစွာလိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပဝက်သားထုတ်လုပ်သူများအနေဖြင့် တရုတ်ဘက်မှ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ခြင်းမပြုမီနှင့် ကောက်ခံမည့် အကောက်ခွန်နှုန်းထား မကြေညာမီ တရုတ်နိုင်ငံသို့ အကောက်ခွန်မဲ့တင်ပို့နိုင်ပါသည်။ တရုတ်စီးပွား/ကူးသန်းဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက နောက်ထပ် ၆ လ သက်တမ်းတိုးမည်ဟုဆိုသည်။

ဒိန်းမတ်စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာကောင်စီ၏ လော်ဘီအုပ်စုက ယခုကဲ့သို့ ကန့်သတ်မှုများကြောင့် တရုတ်ဝက်သားလုပ်ငန်း ပြင်းထန်စွာ ထိခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။ ဘေဂျင်းက အီးယူမှ ဝက်သားတင်သွင်းမှုကို ကန့်သတ်လိုက်လျှင် တောင်အမေရိက၊ အမေရိကန်နှင့် ရုရှားတို့မှ ဝက်သား ရောင်းချသူများက စျေးကွက်ဝေစုရရှိသွားမည်ဖြစ်ပါသည်။

Source: https://thefinancialexpress.com.

Source: https://commerce.gov.mm

Category: International News