မာကာပူနို(Macapuno)အုန်းသည် ဗီယက်နမ်နိုင်ငံ၏အဓိကစက်မှုသီးနှံ ၆ မျိုးထဲမှတစ်ခုဖြစ်ပြီး နှစ်စဉ် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိကြောင်း VN Economy အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ဗင်လောင်းမြို့သည် အုန်းစိုက်ပျိုးခြင်းအတွက် အထူးကောင်းမွန်ပြီး စီးပွားရေးအရ တန်ဖိုးရှိသောမာကာပူနိုအုန်းမျိုးစိတ်(dua sap ဟုလူသိများသည့်)အုန်းစိုက်ပျိုး အောင်မြင်သည့် ဒေသတစ်ခုအဖြစ် လူသိများကြောင်း ဖော်ပြထားပါသည်။
မိုးခေါင်မှုနှင့် ရေငန်ဝင်ရောက်မှုအပါအဝင် ပိုမိုပြင်းထန်သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် အရည်အသွေးမြင့်မားကာပူနိုအုန်းမျိုးများဖွံ့ဖြိုးတိုးတက်စေရန် သိပ္ပံ နှင့်နည်းပညာကို အသုံးချခြင်းသည် ဒေသခံတောင်သူများအတွက် ရေရှည်တည်တံ့သော နည်းလမ်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
စာရင်းဇယားများအရ လက်ရှိတွင် အဆိုပါပြည်နယ်သည် မာကာပူနိုစိုက်ပျိုးမြေခန့်မှန်းခြေ ၁,၂၇၇ ဟက်တာရှိပြီး အုန်းပင် ၂၅၀,၀၀၀ ခန့်ရှိကြောင်း၊ စိုက်ပျိုးနည်းစနစ်များကြားတွင် ထုတ်လုပ်မှုကွာခြားချက်မှာ အလွန်ကြီးမားကြောင်း၊ မိရိုးဖလာစိုက်ပျိုးသည့် မာကာပူနိုအုန်းပင်များ သည် တစ်နှစ်လျှင် တစ်ခိုင်မှ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိရှိပြီး တစ်ပင်လျှင် ၂၀ လုံးမှ ၂၅ လုံးခန့်ထွက်ရှိကြောင်း သိရှိရပါသည်။
ခေတ်မီတစ်သျှူးနည်းပညာများကိုအသုံးပြု၍ စိုက်ပျိုးထားသောအုန်းများသည် တစ်နှစ်လျှင် ပျမ်းမျှအထွက်နှုန်းအုန်းသီး ၅၅ မှ ၆၀ အထိရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိရှိကြောင်းသိရှိရပါသည်။ အဆိုပါတန်ဖိုးမြင့်အုန်းသီးသည် အုန်းအရည်အသွေးနှင့် အရွယ်အစားပေါ်မူတည်၍ တစ်ခုလျှင် ဗီယက်နမ်ဒေါင် ၇၀,၀၀၀(အမေရိကန်ဒေါ် လာ ၂.၇)မှ ဗီယက်နမ်ဒေါင် ၁၂၀,၀၀၀(အမေရိကန်ဒေါ်လာ ၄.၆)အထိ ဈေးကွက်ပေါက်ဈေးများရရှိကြောင်း ရေးသားဖော်ပြထားပါသည်။
အဆိုပါနည်းပညာဆိုင်ရာအားသာချက်သည် သိသာထင်ရှားသောစီးပွား ရေးအကျိုးအမြတ်များရရှိစေကြောင်း၊ မိရိုးဖလာမာကာပူနိုဥယျာဉ်ခြံများသည် နှစ်စဉ်တစ်ဟက်တာလျှင် ပျမ်းမျှဝင်ငွေ ဗီယက်နမ်ဒေါင် ၃၂၀ သန်း(အမေရိကန်ဒေါ်လာ ၁၂,၂၀၀)ရရှိသော်လည်း အဆင့်မြင့်ဇီဝနည်းပညာ နည်းလမ်းများဖြင့် အသုံးပြုထားသောမာကာပူနိုဥယျာဉ်ခြံများ သည် နှစ်စဉ်တစ်ဟက်တာလျှင် ဗီယက်နမ်ဒေါင် ၇၇၀ သန်း(အမေရိကန်ဒေါ်လာ ၂၉,၅၀၀)ရရှိကြောင်း ဖော်ပြထားပါသည်။
Tra Vinh တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် သမာရိုးကျစိုက်ပျိုးမှုတွင် အချိုးအစား ၂၅ ရာခိုင်နှုန်းခန့်သာထွက်ရှိသည့် ကန့်သတ်ချက်များကိုဖြေရှင်းရန်အတွက် နည်းပညာဖြင့်စိုက်ပျိုးမှုဖြင့် မာကာပူနိုအုန်းထွက်ရှိမှုအချိုးအစား ၈၅ ရာခိုင်နှုန်းကျော်အထိ အောင်မြင်စွာမြှင့်တင်ပေးနိုင်သော သန္ဓေသားလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဗင်လောင်းသည် သီးနှံမျိုးစိတ်များကို မြှင့်တင်ရုံသာမက ကျယ်ကျယ် ပြန့်ပြန့်မဟာဗျူဟာကို ချမှတ်ခဲ့ကြောင်း၊ လယ်ယာစိုက်ပျိုးရေးဧရိယာများကို ဇုန်သတ်မှတ်ခြင်း၊ ဥယျာဉ်ခြံဟောင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်းများမြှင့်တင်ခြင်းတို့ပါဝင်ကြောင်းသိရှိရပါသည်။
ဗင်လောင်းသည် ပို့ကုန်ဈေးကွက်အပေါ် အာရုံစိုက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ထုတ်လုပ်မှုနှင့် အဆင့်မြင့်ပြုပြင်ခြင်းမှ စားသုံးသူများထံ ဖြန့် ဖြူးခြင်းအထိ တန်ဖိုးကွင်းဆက်တစ်ခုလုံးမြှင့်တင်ရန်အတွက် စီးပွားရေးလုပ်ငန်းများနှင့်လယ်သမားများကြား မိတ်ဖက်များဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ပြည်နယ်သည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်းကာ အလှကုန်နှင့်ဆေးဝါးလုပ်ငန်းများတွင် မာကာပူနိုအုန်းသီးကို သုတေသနပြုလုပ်ရန် ဂျပန်နှင့် တောင်ကိုရီးယားတို့မှ သိပ္ပံပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)