ဖိလစ်ပိုင်နှင့်အီးယူကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အား လာမည့် ၂၀၂၆ ခုနှစ်တွင်း အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ပြီး ဈေးကွက်အသစ်ရှာဖွေနိုင်ရေးအတွက်ဖြစ်ပါကြောင်း၊ လတ်တလောဆွေးနွေးမှုများအရ ပိုမိုတိုးတက်ကောင်းမွန်စွာ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့သဖြင့် ဖိလစ်ပိုင်ထွက်ကုန်ပစ္စည်းများအား ဥရောပဈေးကွက်သို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါသည်။ ပြီးခဲ့သည့်သတင်းပတ်အတွင်း နောက်ဆုံးဆွေးနွေးခဲ့သည့်ညှိနှိုင်းချက်အရ အဓိကကုန်သွယ်မှုကဏ္ဍ ၁၉ ခုအပြင် နောက်ထပ်ကဏ္ဍအသစ်များဖြစ်သော ဒီဂျစ်တယ်ကုန်သွယ်မှု၊ အစိုးရဝယ်ယူရေး၊ စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်း များဆိုင်ရာကဏ္ဍတို့ကိုလည်း ထည့်သွင်းဆွေးနွေးလျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း နောက်ထပ်ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန် သတ်မှတ်ထားရှိပြီးဖြစ်ကြောင်း၊ ထုတ်ပြန်ခဲ့သည့် စာရင်းဇယား၊ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှ အီးယူသို့ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၈.၀၇ ဘီလီယံရှိပြီး စုစု ပေါင်းပို့ကုန်ပမာဏ၏ ၁၁% ခန့်ရှိပါသည်။ ဖိလစ်ပိုင်-အီးယူကြားလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများအား ကျော်လွှားနိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် အမေရိကန်နိုင်ငံမှ သတ်မှတ်ခဲ့သည့် အခွန်နှုန်းထားအသစ်အရ ဖိလစ်ပိုင်ပို့ကုန်လုပ်ငန်းရှင်များအတွက် နောက် ထပ်အလားအလာရှိသော ဈေးကွက်တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ပါ သည်။
အမေရိကန်မှ ဖိလစ်ပိုင်နိုင်ငံ၏ သွင်းကုန်ပစ္စည်းများအပေါ် အခွန်နှုန်း ထားအား ၂၀% မှ ၁၉% သို့ပြင်ဆင်သတ်မှတ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှလည်း အမေရိကန်နိုင်ငံ၏သွင်းကုန်ပစ္စည်းများအနက် မော်တော်ယာဉ်ပစ္စည်းများ၊ ပဲပိစပ်၊ ဂျုံနှင့် ဆေးဝါပစ္စည်းများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပါသည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် Comprehensive and Progressive Agreement for Trans-Pacific Partnership(CPTPP) နှင့်လည်း ပိုမိုနက်ရှိုင်းသည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကွန်ယက်အား ရှာဖွေလျက်ရှိကြောင်းဖော်ပြပါရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အဖွဲ့ဝင် ၁၂ နိုင်ငံပါဝင်သည့် CPTPP အဖွဲ့သို့ဝင်ရောက်လိုကြောင်းလျှောက်ထားတင်ပြထားခဲ့ပြီးဖြစ်ပါသည်။ CPTPP ၏ဂျီဒီပီနှုန်း ထားသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာဂျီဒီပီနှုန်းထား၏ ၁၄.၄% ထိရှိခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများမှာ ယူကေ၊ ဗီယက်နမ်၊ စင်ကာပူ၊ ပီရူး၊ နယူးဇီလန်၊ မက္ကစီကို၊ မလေးရှား၊ ဂျပန်၊ ချီလီ၊ ကနေဒါ၊ ဘရူနိုင်း၊ ဩစတြေးလျတို့ဖြစ်ပါသည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် ယူအေအီးနိုင်ငံနှင့်လည်း Comprehensive Economic Partnership Agreement(CEPA)ချုပ်ဆိုရန် နောက်ဆုံးအပြီးသတ်ဆွေးနွေးလျက်ရှိပါသည်။ သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးပါက ယူအေအီးနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး အဓိကအားဖြင့် UAE’s Sovereign Wealth Funds မှဖြစ် ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဖိလစ်ပိုင်ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ Managing Head ဖြစ်သူမှလည်းပြောထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါသဘောတူချက်သည် ဖိလစ်ပိုင်နိုင်ငံသားပို့ကုန်လုပ်ငန်းရှင်များအတွက်ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(Gulf Cooperation Council-GCC) အဖွဲ့ဝင် ၆ နိုင်ငံသို့ ဈေးကွက်ချိတ်ဆက်နိုင်သည့် အလားအလာများနှင့် အနီးအနားရှိအာဖရိကနိုင်ငံများသို့လည်း ဝင်ရောက်နိုင်မည့်အခွင့် အလမ်းများရရှိနိုင်ကြောင်း ဖော်ပြပါရှိပါသည်။
Source: https://mb.com.ph/2025/07/28/ph-eu-free-trade-deal-nearing-completion-set-for-2026-finalization
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)