ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက နှစ်နိုင်ငံနယ်စပ်တိုက်ခိုက်မှုများကို ၃ ရက်မှ ၇ ရက်အတွင်းမဖြေရှင်းနိုင်ပါက ပြည်တွင်း၊ ပြည်ပခရီးသွား များအနေဖြင့် ပြည်နယ်အနီးအနားသို့ ခရီးသွားလာရန် ရှောင်ရှားလာနိုင်သောကြောင့် ခရီးသွားကဏ္ဍကို ပြင်းပြင်းထန်ထန်သက်ရောက်မှုရှိနိုင်သည်ကို ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ များက စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။
အရှေ့မြောက်ပိုင်း အောက်ပိုင်းဧရိယာများရှိ ဟိုတယ်များက တိုက်ခိုက်နေမှုများကို စောင့်ကြည့် လျက်ရှိပြီး ပြည်တွင်းခရီးသွားများက ပြည်နယ်အနီးခရီးစဉ်များကို ဖျက်သိမ်းလာနိုင်ကြောင်း၊ ဧည့်သည်များ၏ ၉၀ ရာခိုင်နှုန်းသည် ပြည်တွင်းမှဖြစ်ပြီး Khao Yai ကို ပိတ်ရက်များတွင် အပန်း ဖြေရန်လာရောက်ကြခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် နိုင်ငံသားသေဆုံးခဲ့ရာ အစိုးရအနေဖြင့် ယင်းပြဿနာများကို ၃ ရက်မှ ၇ ရက်အတွင်းဖြေရှင်းရန် စီးပွားရေးလုပ်ငန်းကဏ္ဍက တောင်းဆိုခဲ့ကြောင်း၊ ယင်းသို့မဟုတ်ပါက ပြည်တွင်းခရီးသွားများသည် အခြားသောနေရာများသို့ ပြောင်းရွှေ့လည်ပတ်သွားနိုင်ကြောင်း၊ သတင်းများသည် ကမ္ဘာအနှံ့ပျံ့နှံ့သွားပါက နိုင်ငံခြားသားများလည်း လာရောက်လည်ပတ်ရန် ရှောင်ရှားသွားနိုင်ကြောင်း အရှေ့မြောက်ပိုင်းရှိ Thai Hotels Association ဥက္ကဋ္ဌ Mr. Runroj Santadvanti က ပြောကြားခဲ့ပါသည်။
ပစ်ခတ်မှုမဖြစ်ပွားမီ အရှေ့မြောက်ပိုင်း အောက်ပိုင်းဒေသများရှိ ဟိုတယ်ငှားရမ်းရမှုသည် ၄၀ ရာခိုင်နှုန်းရှိပြီး အစိုးရ၏အစည်းအဝေးနှင့် ဆွေးနွေးပွဲများကျင်းပမှုတွင် အသုံးစရိတ်အားနည်းလာသောကြောင့် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ ယခုအနိမ့်ဆုံးရာသီတွင် စီးပွားရေးလုပ်ငန်းအလားအလာသည် အဆိုးဆုံးတွင်ရှိနေပါကြောင်း၊ ပြည် တွင်းပူးတွဲပေးချေမှုအစီအစဉ်သည် ပြည်တွင်းခရီးသွားကဏ္ဍကို မှန်းထားသလောက် မလှုံ့ဆော်နိုင်သောကြောင့်ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါအစီအစဉ်သို့ ယင်းဒေသရှိဟိုတယ် ၅၀ ရာခိုင် နှုန်းသာပါဝင်ထားပြီး ကျန်ရာခိုင်နှုန်းမှာ နည်းပညာအခက်အခဲကြုံတွေ့နေရသောကြောင့်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် လက်ရှိတင်းမာမှုကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်ဖြေရှင်းပေးစေလိုကြောင်း၊ ထိတွေ့မှုများဆက်လက်ဖြစ်ပွားနေပါက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုကြောင့် ခရီးသွားကဏ္ဍကို ပြင်းထန်စွာသက်ရောက်နိုင်ကြောင်း၊ လက်ရှိတွင် နယ်စပ်တစ်လျှောက်ခရီးသွားဆွဲဆောင်သည့်နေရာများကို ယာယီပိတ်ထားပြီဖြစ်ကြောင်း၊ နိုင်ငံခြားချိတ်ဆက်မှုများနှင့် ဘဏ္ဍာငွေခိုင်မာသော ရင်းနှီးမြှုပ်နှံသူများနှင့် လည်ပတ်နေသော ဗန်ကောက်၊ ဖူးခက်နှင့် ပတ္တရားတို့ရှိ ဟိုတယ်များနှင့် မတူညီဘဲ အရှေ့မြောက်ရှိ ဟိုတယ်များသည် သီးခြားဖြစ်ပြီး ဘဏ်ချေးငွေများအပေါ် မှီခိုနေရသကဲ့သို့ ပြည်တွင်းစားသုံးမှုကိုပေါ် မှီခိုနေရပါကြောင်း၊ လက်ရှိပဋိပက္ခနှင့် မိုးရာသီအတွင်း အပူပိုင်းမုန်တိုင်းတို့၏ရိုက်ခတ်မှုကြောင့် အလုပ်သမားများလျှော့ချခြင်းနှင့် လုပ်ငန်းရပ်ဆိုင်မှုများကို ဆောင်ရွက်လာနိုင်ကြောင်း၊ အနည်းဆုံးလုပ်ခလစာမြင့်တက်လာမှုကြောင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထိခိုက်ပြီး ယင်းတို့အနေဖြင့် နှစ်ကုန်ပိုင်းအထိ လုပ်ငန်းလည်ပတ်ရန်လုံလောက်သော ဘဏ္ဍာငွေခိုင်မာမှုမရှိတော့ပါကြောင်း၊ အစိုးရအနေဖြင့် ပူးတွဲပေးချေမှုစနစ်ကို ပိုမိုထိရောက်မှုနှင့် အမြင့်ဆုံးရာသီတွင် လွှမ်းခြုံနိုင်ရေးတိုးချဲ့သင့်ကြောင်း Mr. Rungroj က အကြံပြုထားပါသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား အရှေ့မြောက်ပိုင်းရှိ Preah Vihear Temple တည်ရှိရာ နယ်မြေပိုင်ဆိုင်မှုကိစ္စရပ်နှင့်စပ်လျဉ်း၍ ကာလရှည်အငြင်းပွားမှုရှိခဲ့ပြီး ၂၀၂၅ ခုနှစ် မေလမှစ၍ အခြေအနေတင်းမာလာလျက်ရှိပါသည်။ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၂ နာရီမှစ၍ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ဖြတ်သန်းသွားလာခွင့်ကို ပိတ်သိမ်းခဲ့ပြီး နံနက်ပိုင်းမှစ၍ နှစ်နိုင်ငံထိတွေ့ပစ်ခတ်မှုများ စတင်ဖြစ်ပေါ်လာခဲ့ရာ နှစ်နိုင်ငံသံတမန်အဆင့်လျှော့ချမှုများအထိ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ယင်းအခြေအနေသည် ဇူလိုင်လ ၂၅ ရက်နေ့ထိ တင်းမာလျက်ရှိကြောင်း သိရှိရပါသည်။ ယင်းသို့ပြင်းထန်လာသော အခြေအနေသည် ယင်းဒေသအနီးတစ်ဝိုက်ရှိ ခရီးသွားလာရေးလုပ်ငန်းများတွင် ပြင်းထန်စွာရိုက်ခတ်လာနိုင်သဖြင့် ထိုင်းနိုင်ငံအစိုးရအနေဖြင့် ရက်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်ရေး ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက တောင်းဆိုထားကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)