International News

အိန္ဒိယနိုင်ငံအခြေစိုက် ကုမ္ပဏီ ၆ ခုအား အီရန်ရေနံ၊ ရေနံထွက်ပစ္စည်း သို့မဟုတ် ရေနံဓာတု ပစ္စည်းများရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်သည်ဟုစွပ်စွဲကာ အမေရိကန်မှ ပိတ်ဆို့အရေးယူမှုများပြုလုပ်

Last Updated:

အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီ ၆ ခုအား အီရန်ရေနံ၊ ရေနံထွက်ပစ္စည်း သို့မဟုတ် ရေနံဓာတုပစ္စည်းများရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်သည်ဟုစွပ်စွဲကာ ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၃၁ ရက်က ဖော်ပြသည်။

အဆိုပါပိတ်ဆို့အရေးယူမှုများသည် တူရကီနိုင်ငံ၊ ယူအေအီးနိုင်ငံ အစရှိသည့်နိုင်ငံများတွင် အခြေစိုက်သော အီရန်ပင်ရင်းရေနံကုန်သွယ်မှုတွင် ပါဝင်ပတ်သက်သည့်ကုမ္ပဏီ ၂၀ ခန့်အပေါ် ချမှတ်ခဲ့သော ပိုမိုကျယ်ပြန့်သည့်အရေးယူမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းတွေ့ရှိရသည်။ အဆိုပါ ပိတ်ဆို့အရေးယူမှုများကို ယခုလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

"ယနေ့လုပ်ဆောင်ချက်များက အီရန်ရဲ့ တရားမဝင်ရေနံနှင့် ရေနံဓာတုကုန်သွယ်မှုကို အထောက်အကူပြုသူများကို ပစ်မှတ်ထားရန်နှင့် ၎င်းတို့၏ မတည်ငြိမ်သော လုပ်ဆောင်မှုများကို ထောက်ပံ့ရန်အတွက် အီရန်အစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုနည်းလမ်းများကို ဖြတ်တောက်ရန်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို အလေးပေးဖော်ပြပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။

အဆိုပါအရေးယူပိတ်ဆို့ခံခဲ့ရသော အိန္ဒိယကုမ္ပဏီများတွင် Kanchan Polymers၊ Alchemical Solutions၊ Ramniklal S Gosalia၊ Jupiter Dye Chem၊ Global Industrial Chemicals နှင့် Persistent Petrochem တို့ပါဝင်ကြောင်း သိရသည်။

သတ်မှတ်ထားသောပုဂ္ဂိုလ်များ၏ အမေရိကန်ပြည်ထောင်စုတွင်ရှိသော သို့မဟုတ် အမေရိကန်၏ လက်ဝယ်ထိန်းချုပ်မှုအောက်တွင်ရှိသော ပိုင်ဆိုင်မှုများနှင့် ပိုင်ဆိုင်မှုဆိုင်ရာ အကျိုးစီးပွားအားလုံးကို ပိတ်ဆို့ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးအမိန့်အမှတ် ၁၃၈၄၆ အရ အရေးယူမှုများသည် ပိတ်ဆို့အရေးယူခံရသောကုမ္ပဏီများက ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပို၍ပိုင်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပိတ်ဆို့ထားကြောင်းသိရသည်။ အဆိုပါပိတ်ဆို့အရေးယူမှုများ သည် အီရန်ရေနံနှင့် ရေနံဓာတုပစ္စည်းများကို သယ်ယူပို့ဆောင်ရောင်းချရာတွင် ကူညီပေးသည့် အီရန်၏အရိပ်အမှောင်ရေယာဉ်အုပ်စုနှင့် ကြားခံပုဂ္ဂိုလ်များကို တန်ပြန်ရန် အမေရိကန်ပြည်ထောင်စုမှ လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း သိရသည်။

အီရန်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကို ဆက်လက်ဖြစ်ပေါ်စေပြီး ၎င်း၏မတည်ငြိမ်သော လုပ်ဆောင်မှုများကို ထောက်ပံ့ရန် ရန်ပုံငွေရှာဖွေနေကြောင်း၊ ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံရပ်ခြား၌ အကြမ်းဖက်မှုကိုထောက်ပံ့ရန်နှင့် ၎င်း၏ပြည်သူများကိုဖိနှိပ်ရန် အီရန်အစိုးရအဖွဲ့က အသုံးပြုသည့် ဝင်ငွေစီးဆင်းမှုကိုရပ်တန့်ရန် လုပ်ဆောင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အီရန်၏ ရေနံနှင့်ရေနံဓာတုပစ္စည်းတင်ပို့မှုများကို နေရာအများအပြားရှိ တရားမဝင်သင်္ဘောပို့ဆောင်ရေးအထောက်အကူပြုသူများ၏ ကွန်ရက်က အထောက်အကူပြုလျက်ရှိပြီး ၎င်းတို့သည် ဖုံးကွယ်လှည့်ဖြားခြင်းဖြင့် အီရန်ရေနံနှင့် ရေနံဓာတုပစ္စည်းများကို တတိယနိုင်ငံများရှိ ဝယ်ယူသူများထံ ရောင်းချရန် တင်ဆောင်သယ်ယူပို့ဆောင်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါကုမ္ပဏီများက စီမံခန့်ခွဲသော သင်္ဘောများသည် အီရန်ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းများနှင့် ရေနံဓာတုပစ္စည်း သန်းပေါင်းများစွာကို သယ်ယူပို့ဆောင်ခဲ့ပြီး အီရန်တင်ပို့မှုထောက်ပံ့ရေးကွင်းဆက်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိရသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် မှောင်ခိုလုပ်ငန်းများနှင့် အခြားလှည့်ဖြားသော သင်္ဘောပို့ဆောင်ရေးအလေ့အကျင့်များတွင် ပါဝင်ပတ်သက်ခဲ့ပြီး အခြားသင်္ဘောများနှင့် ကုန်သွယ်မှုစီးဆင်းမှုများကို အန္တရာယ်ဖြစ်စေခဲ့သည်ဟု ၎င်းက ပြောကြား ခဲ့သည်။

Source: The Hindu Businessline, US sanctions 6 Indian firms over Iran oil trade, July 31, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News