International News

၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အိန္ဒိယနိုင်ငံသို့ ကွမ်းသီးတင်ပို့မှု တန်ဖိုး သိသိသာသာတိုးတက်

Last Updated:

အိန္ဒိယအောက်လွှတ်တော်တွင် အစိုးရက ပေးအပ်ခဲ့သည့် အချက်အလက်များအရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အိန္ဒိယနိုင်ငံသို့ ကွမ်းသီးတင်ပို့မှုတန်ဖိုး သိသိသာသာတိုးတက်လာခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၉ ရက်က ဖော်ပြ သည်။

အိန္ဒိယအောက်လွှတ်တော်၌ ယခုလ ၂၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော အစည်းအဝေးတွင် စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jitin Prasada က ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အထိ ကွမ်းသီးတင်သွင်းမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို လွှတ်တော်သို့ စာဖြင့်ရေးသားဖြေကြားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့တင်ပို့သော ကွမ်းသီးတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၉ သန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၀၆ သန်းသို့ တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယအစိုးရ၏အချက်အလက်များအရ အိန္ဒိယနိုင်ငံ၏စုစုပေါင်းကွမ်းသီးတင်သွင်းမှုတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၉၉ သန်းရှိခဲ့ရာမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၄၅ သန်းသို့ရောက်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါအချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ စုစု ပေါင်းကွမ်းသီးတင်သွင်းမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဝေစုသည် ၂၀၂၃-၂၄ ဘဏ္ဍာ နှစ်တွင် ၉ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၃၇ ရာခိုင်နှုန်းသို့တိုးမြင့်လာခဲ့ကြောင်းသိရသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သောကွမ်းသီးတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၁ သန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၂၀ သန်းသို့ တိုးလာခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံမှ တင်သွင်းမှုကျဆင်းခြင်း

သို့ရာတွင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း သီရိလင်္ကာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်ပို့သော ကွမ်းသီးတန်ဖိုးကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

သီရိလင်္ကာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သော ကွမ်းသီးတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၈၇ သန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၉၇ သန်းသို့ ကျဆင်းခဲ့ကြောင်းသိရသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ကွမ်းသီးတင်ပို့မှုတန်ဖိုးသည်လည်း ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၁၄ သန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၃၆ သန်းသို့ ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၈ ဒသမ ၁၉ သန်းနှင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၁၈ သန်းတန်ဖိုးရှိကွမ်းသီးများကို တင်သွင်းခဲ့ကြောင်း သိရသည်။

Source: The Hindu Businessline, Arecanut exports from Bangladesh to India quadruple to $53 million in 2024-25, July 29, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News