International News

အိန္ဒိယနိုင်ငံ၏ အဓိကမိုးသီးနှံ(၉)မျိုးအနက် (၆) မျိုးသည် အစိုးရသတ်မှတ်သည့် အနိမ့်ဆုံးကြမ်းခင်းဈေး (Minimum Support Prices-MSPs)ထက် မြင့်မားလျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၏ အဓိကခါရစ်သီးနှံ(မိုးသီးနှံ)(၉)မျိုးအနက် (၆)မျိုးသည် နိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးရေးထွက်ကုန်စျေးကွက်ရှာဖွေရေးကော်မတီ (Agricultural Produce Marketing Committee - APMC) အသီးသီးသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ၎င်းတို့၏ဈေးကွက်ပေါက်ဈေးသည် အစိုးရသတ်မှတ်သည့် အနိမ့်ဆုံးကြမ်းခင်းဈေး(Minimum Support Prices-MSPs )ထက် မြင့်မားလျက်ရှိကြောင်း သိရသည်။ ပဲပုပ်ဈေးနှုန်းသည် အဆိုပါကြမ်းခင်းဈေးနှုန်းနီးပါးရှိသော်လည်း ပဲတီစိမ်းနှင့် ဘဂျရာ(လူး/ဆပ်သီးနှံ) တို့၏ဈေးကွက်ပေါက်ဈေးမှာ ၎င်းတို့ကို အဓိကစိုက်ပျိုးထုတ်လုပ်သော ပြည်နယ်များ၌ အစိုးရကြမ်းခင်း ဈေးထက် နိမ့်ကျလျက်ရှိကြောင်း သိရသည်။

Agmarknet ပေါ်တယ်မှအချက်အလက်များအရ ဂျိုဝါ(နှံစားပြောင်း)၊ ပဲစင်းငုံ၊ မြေပဲ၊ ယူရဒ် (မတ်ပဲ)၊ ဝါဂွမ်းနှင့် ပြောင်းဈေးနှုန်းသည် သတ်မှတ် MSP ဈေးနှုန်းများထက် ၃ ရာခိုင်နှုန်းမှ ၅၄ ရာခိုင်နှုန်းထိ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။ သို့သော် ပဲတီစိမ်းနှင့် ဘာဂျရာ(လူး/ဆပ်သီးနှံ)တို့သည် အောက်တိုဘာ ၁ ရက်မှစတင်ခဲ့သည့် ခါရစ်သီးနှံရာသီ၏ဈေးကွက်အဖွင့် ပထမနှစ်ရက်တာကာလအတွင်း ၎င်းတို့၏သတ်မှတ် MSP ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်းအသီးသီးနိမ့်ကျလျက်ရှိသည်ကို တွေ့ရသည်။ (ဘာစမာတီမဟုတ်သော)စပါးစျေးနှုန်းများ သည် ပြည်နယ်နှင့် အမျိုးအစားပေါ်မူတည်၍ အမျိုးမျိုးဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရောင်းလိုအားပြတ်လပ်မှု

ကုန်သွယ်ရေးမူဝါဒကျွမ်းကျင်သူ S Chandrasekaran က အချို့သောထုတ်လုပ်မှုဗဟိုဌာနများ၌ မြင့်မားလျက်ရှိသော သီးနှံစျေးနှုန်းများက အဆိုပါသီးနှံများ၏ ရောင်းလိုအားနည်းပါးလျက်ရှိသည်ကို ညွှန်ပြကြောင်း၊ မျှော်လင့်ထားသော ထုတ်လုပ်မှုပမာဏနှင့် လက်ရှိအချိန်အထိ ဈေးကွက်သို့ ရောက်ရှိမှုပမာဏတို့အကြား ချိတ်ဆက်မှုသည် ပြောင်းပြန်အချိုးကျနေကြောင်းနှင့် အဆိုပါထုတ်လုပ်မှုပမာဏကို ခါရစ်ရာသီ၏ သီးနှံစိုက်ဧရိယာအတိုင်းအတာပေါ်အခြေခံ၍ ခန့်မှန်းထားခြင်းသာဖြစ်ပြီး အခြေအနေမှာ အစဉ်မပြတ်ပြောင်းလဲလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဓိကမိုးသီးနှံများ၏ ဈေးကွက်ပေါက်ဈေးနှင့် အနိမ့်ဆုံးကြမ်းခင်းဈေး(Minimum Support Prices- MSPs )တို့နှိုင်းယှဉ်ချက်ဇယား

စဉ်

သီးနှံ

အများဆုံးထုတ်လုပ်သောပြည်နယ်

ပျှမ်းမျှဈေးနှုန်း (ရူပီး/ကွင်တယ်)

MSP (ရူပီး/ကွင်တယ်)

တိုး/လျှော့%

၁။

နှံစားပြောင်း

Maharashtra

4,884

3,180

53.6

၂။

ပဲစင်းငုံ

Uttar Pradesh

9,399

7,000

34.3

၃။

မြေပဲ

Gujarat

6,964

6,377

9.2

၄။

မတ်ပဲ

Rajasthan

7,530

6,950

8.3

၅။

ဝါဂွမ်း

Gujarat

6,988

6,620

5.6

၆။

ပြောင်း

Karnataka

2,150

2,090

2.9

၇။

ပဲပုပ်

Madhya Pradesh

4,589

4,600

-0.2

၈။

ပဲတီစိမ်း

Rajasthan

7,589

8,558

-11.3

၉။

လူး/ဆပ် သီးနှံ

Rajasthan

1,957

2,500

-21.7

ဇစ်မြစ်။ Agmarknet portal

ဥပမာအားဖြင့် Maharashtra ပြည်နယ်တွင် jowar(နှံစားပြောင်း)စျေးနှုန်းသည် ၁-ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ပျမ်းမျှရူပီး ၄၈၈၄ ရှိပြီး သတ်မှတ်ကြမ်းခင်းဈေး ၁-ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃၁၈၀ နှင့်နှိုင်းယှဉ်လျင် ၅၄ ရာခိုင်နှုန်းမြင့်တက်လျက်ရှိသည်။ အလားတူ Karnataka ပြည်နယ်တွင် ပြောင်းဈေးနှုန်းသည် ၁-ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ပျမ်းမျှရူပီး ၂၁၅၀ ဖြစ်ပြီး သတ်မှတ်ကြမ်းခင်းဈေး ၁-ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂၀၉၀ နှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းတိုးမြင့်လျက်ရှိကြောင်း တွေ့ရသည်။

အထူးသဖြင့် အိန္ဒိယအလယ်ပိုင်းဒေသတွင် စက်တင်ဘာလ၌ မိုးအလွန်အကျွံရွာသွန်းမှုကြောင့် သီးနှံရောက်ရှိမှုနှောင့်နှေးနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ လယ်မြေများရှိ သီးနှံများတွင် အစိုဓာတ်ပါဝင်မှုမြင့်မားလျက်ရှိသောကြောင့် လယ်သမားများအနေဖြင့် ၎င်းတို့ခြောက်သွေ့လာရန် စောင့်ဆိုင်းရဖွယ်ရှိကြောင်းနှင့် လတ်တလောတွင် ဈေးကောင်းရရှိရန် မလွယ်ကူကြောင်း ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက အကြံပြုသည်။ သို့သော်လည်း အောက်တိုဘာလတွင် မိုးရွာသွန်းမှုနည်းပါးသွားမည်ဟု ခန့်မှန်းထားသောကြောင့် ဈေးကွက်အတွင်းသို့ သီးနှံများဝင်ရောက်မှု တိုးမြင့်လာဖွယ်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

သီးနှံအထွက်နှုန်းခန့်မှန်းချက်

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် ခါရစ်သီးနှံအထွက်နှုန်းများ၏ ပထမအကြိမ်ခန့်မှန်းချက်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ရန်စီစဉ်ထားသည်ဟုဆိုသည်။ ယခုရာသီအတွက် ဆန်တန်ချိန် ၁၁ သန်း၊ ပဲမျိုးစုံတန်ချိန် ၉ ဒသမ ၀၉ သန်း၊ ပြောင်းတန်ချိန် ၂၄ သန်းနှင့် Shree Anna (လူး/ဆပ်)တန်ချိန် ၁၃ ဒသမ ၉၇ သန်းအပါအဝင် သီးနှံတန်ချိန်စုစုပေါင်း ၁၅၈ ဒသမ ၀၆ သန်းရရှိရန် အစိုးရက ခန့်မှန်းထားသည်။ ထို့အပြင် ဆီထွက်သီးနှံတန်ချိန် ၂၈ ဒသမ ၃၇ သန်း၊ ကြံတန်ချိန် ၄၇၀ သန်းနှင့် ဝါဂွမ်းအချိန် ၁၇၀ ကီလိုဂရမ်ပါ အထုပ်ပေါင်း ၃၅ သန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

သီးနှံစိုက်ဧရိယာ

နောက်ဆုံးရရှိသော ခါရစ်ရာသီ၏ စိုက်ဧရိယာအစီရင်ခံစာအရ ကောက်ပဲသီးနှံစုစုပေါင်း၏ စိုက်ဧရိယာသည် ယခင်နှစ်က ဟက်တာ ၁၁၀၄ ဒသမ ၇၉ သိန်းရှိရာမှ ဟက်တာ ၁၁၀၇ ဒသမ ၁၅ သိန်း (၀.၂ ရာခိုင်နှုန်း)သို့ အနည်းငယ်မြင့်တက်လာခဲ့သည်။ စပါးစိုက်ဧရိယာသည် ယခင်နှစ်က ဟက်တာ ၄၀၄ ဒသမ ၂၇ သိန်းမှ ယခုနှစ်တွင် ၄၁၁ ဒသမ ၉၆ သိန်း(၁.၉ ရာခိုင်နှုန်း)သို့ တိုးတက်လာခဲ့သော်လည်း ပဲမျိုးစုံစိုက်ဧရိယာသည် ယခင်နှစ်က ဟက်တာ ၁၂၈ ဒသမ ၉၈ သိန်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် ၁၂၃ ဒသမ ၅၇ သိန်းသာရှိသည့်အတွက် ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ kulthi (ပဲပိစပ်)နှင့် အခြားပဲများ၏ စိုက်ဧကများ လျော့ကျခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံစိုက်ဧရိယာမှာ လွန်ခဲ့သောနှစ်က ဟက်တာ ၁၉၆ ဒသမ ၃၉ သိန်းမှ ဟက်တာ ၁၉၃ ဒသမ ၂၃ သိန်း(၁.၆ ရာခိုင်နှုန်း)သို့ အနည်းငယ်လျော့ကျသွားသော်လည်း (ပြောင်းအပါအဝင်)နှံစားသီးနှံများ၏ စိုက်ဧရိယာမှာ ဟက်တာ ၁၈၄ ဒသမ ၇၇ သိန်းမှ ဟက်တာ ၁၈၈ ဒသမ ၀၂ သိန်း (၁.၈ ရာခိုင်နှုန်း)သို့ တိုးတက်လာခဲ့သည်။ ဝါဂွမ်းစိုက်ဧရိယာမှာ ဟက်တာ ၁၂၇ ဒသမ ၇၃ သိန်းမှ ဟက်တာ ၁၂၃ ဒသမ ၈၇ သိန်း (၃ ရာခိုင်နှုန်း)သို့ ကျဆင်းသွားသည်။ ကြံစိုက်ဧရိယာမှာ ၂၀၂၂ ခုနှစ်က ဟက်တာ ၅၅ ဒသမ ၆၆ သိန်းမှ ဟက်တာ ၅၉ ဒသမ ၉၁ သိန်း(၇.၆ ရာခိုင်နှုန်း)သို့ သိသိသာသာတိုးတက်လာခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်စျေးကွက်ရှာဖွေရေးကော်မတီ(Agricultural Produce Marketing Committee-APMC)များကို ကောက်ပဲသီးနှံဈေးနှုန်းများတည်ငြိမ်စေရန်၊ ၎င်းတို့၏စိုက်ပျိုးထွက်ရှိမှု၊ ပြည်ပတင်ပို့မှုများအပါအဝင်  ရောင်းသူနှင့်ဝယ်သူများအကြား အဆင့်များစွာမရှိစေရန်နှင့် ၎င်းတို့၏အခွင့်အရေးကာကွယ်ရန်အလို့ငှာ ပြည်နယ်အသီးသီး၌ ဖွဲ့စည်းထားရှိပြီး ကောက်ပဲသီးနှံဈေးကွက်ကို ထိန်းကျောင်းလျက်ရှိပါသည်။ ၎င်းတို့က သီးနှံအလိုက် အနိမ့်ဆုံးကြမ်းခင်းဈေး(Minimum Support Prices-MSPs)များသတ်မှတ်ပြီး ဝယ်ယူပေးလျက်ရှိရာ ယခုအခါ နှံစားပြောင်း၊ ပဲစင်းငုံ၊ မြေပဲ၊ မတ်ပဲ၊ ဝါဂွမ်းနှင့် ပြောင်းဈေးနှုန်းများသည် သတ်မှတ် MSP ဈေးနှုန်းများထက်မြင့်မားလျက်ရှိပြီး အချို့ပြည်နယ်များတွင် ပဲတီစိမ်းနှင့် ဘဂျရာ(လူး/ဆပ်သီးနှံ)ဈေးနှုန်းများသည် သတ်မှတ် MSP ဈေးနှုန်းထက် နိမ့်ကျလျက်ရှိပါ သည်။

အိန္ဒိယနိုင်ငံ၏ ယခုနှစ်သီးနှံစိုက်ဧရိယာများကို ကြည့်လျှင်လည်း စပါး၊ ပြောင်း၊ နှံစားသီးနှံနှင့် ကြံစိုက်ဧရိယာများမှလွဲ၍ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဝါဂွမ်းစိုက်ဧရိယာများလျော့ကျခဲ့သည့်အတွက် အဆိုပါသီးနှံများ၏ထွက်ရှိမှုအပေါ် များစွာအကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ သို့ပါ၍ မြန်မာ နိုင်ငံမှ ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအနေဖြင့် အိန္ဒိယနိုင်ငံ၏ကောက်ပဲသီးနှံဈေးကွက်၌ လတ်တလောဖြစ်ပေါ်လျက် ရှိသည့်အခြေအနေများကိုသိရှိပြီး သင့်လျော်သော စိုက်ပျိုး၊ ထုတ်လုပ်မှုနှင့် ပို့ကုန်မဟာဗျူဟာ/နည်းဗျူဟာများကို အသုံးချဆောင်ရွက်သင့်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Hindu Business Line သတင်းဌာန၊ “Prices of six key crops above MSPs in agri-terminal markets”၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News