International News

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်အတွက် ဆွေးနွေးပွဲများစတင်ရန် ပြင်ဆင်

Last Updated:

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်အတွက် ဆွေးနွေးပွဲများစတင်ရန် ပြင်ဆင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း အိန္ဒိယအစိုးရက ယခုလ(၁)ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသဘောတူညီချက်၏ရည်ရွယ်ချက်မှာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများတိုးမြှင့်ရန်ဖြစ်ကြောင်းသိရသည်။အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဖွဲ့စည်းထားသည့် ကုန်သွယ်မှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့(Joint Working Group on Trade-JWG)သည် ပြီးခဲ့သည့် သီတင်းပတ်က မြို့တော်ဒါကာ၌ တရားဝင်အဆင့်အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။

အဆိုပါအစည်းအဝေး၌ ဆွေးနွေးခဲ့သောကိစ္စရပ်များတွင် ဆိပ်ကမ်းကန့်သတ်ချက်များကို ဖယ်ရှားရေး၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(Comprehensive Economic Partnership Agreement-CEPA)စတင်နိုင်ရန် အခြေခံလုပ်ငန်းစဉ်များချမှတ်ခြင်း၊ စံချိန်စံညွှန်းများကို လိုက်လျောညီထွေရှိစေရန်နှင့် အပြန်အလှန်အသိအမှတ်ပြုရန်၊ အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မရှိမဖြစ်လိုအပ်သောကုန် ပစ္စည်းများ ထောက်ပံ့ပေးရေးကိစ္စတို့ပါဝင်ကြောင်း သိရသည်။ အဆိုပါ CEPA သည် စာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား ရောင်းဝယ်ဖောက်ကားသည့် ကုန်ပစ္စည်းများစွာအတွက် အကောက်ခွန်များကို လျှော့ချသတ်မှတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းအပြင် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းအခြေခံမူတို့ပါ၀င်သည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် အမျိုးအစားတစ်ခုဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် လမ်းနှင့် ရထားလမ်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဆက်သွယ်မှုများ၊ မြေယာအကောက်ခွန်စခန်းများ/ပေါင်းစပ်စစ်ဆေးရေးဂိတ်များနှင့် နယ်စပ်ခြံစည်းရိုးများကဲ့သို့ အခြေခံအဆောက်အုံများတည်ဆောက်ခြင်းနှင့် ခိုင်မာအားကောင်းစေရေးကိစ္စတို့ ကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။

၎င်းတို့ကို ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်၊ စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ရှာဖွေရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်နှင့် ချဲ့ထွင်ရနရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည်။ နှစ်နိုင်ငံပြဿနာများကိုဖြေရှင်းရန်၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရန်၊ အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြတ်သန်းသွားလာရေးဆိုင်ရာ အဆောက်အအုံများ တိုးတက်ကောင်းမွန်စေခြင်းဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ချောမွေ့စေရန်အတွက် အဆိုပါဆွေးနွေးပွဲများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁-၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁၈ ဒသမ ၁၃ ဘီလီယံရှိရာမှ ၂၀၂၂-၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံသို့ လျော့ကျသွားခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ပထမဦးဆုံး နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်ကို ၁၉၇၂ ခုနှစ်တွင် စတင်ချုပ်ဆိုခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် ၃ နှစ်သက်တမ်းရှိသော နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှု(၁)ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် မူလသဘောတူညီမှုကို ပုံမှန် (၅)နှစ်စီ သက်တမ်းတိုးသွားရန် ထပ်မံ၍ သဘောတူညီခဲ့ကြပါသည်။ ယင်းနောက်ပိုင်းတွင် ၎င်းတို့နှစ်နိုင်ငံအကြား အခြားသော ကုန်သွယ်ရေးသဘောတူညီချက်များပြုလုပ်ခဲ့ကြသော်လည်း နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကိုမူ ချုပ်ဆိုထားခြင်းမရှိသေးပါ။ ယခုအခါ နှစ်နိုင်ငံကုန်သွယ်မှုများ လျော့ကျလာလျက်ရှိသည့်အတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက်(Comprehensive Economic Partnership Agreement -CEPA) ခေါ် နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးကြိုးပမ်းလျက်ရှိသည့်အပေါ် သိရှိနိုင်ရေး လေ့လာတင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Hindu သတင်းဌာန၊ “India, Bangladesh discuss preparations to start talks for free trade agreement”၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)       

Category: International News