International News

ရုရှားသည် လာအိုနှင့် ကုန်သွယ်ရေးတိုးတက်လာမှုကိုအခြေခံ၍ ရထားလမ်းသစ်များ တည်ဆောက်မည်

Last Updated:

ရုရှား-လာအို နှစ်နိုင်ငံအကြား ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏတိုးလာနေသဖြင့် လာအိုမှ ဗလာဒီဗော့စတော့မြို့သို့ ဗီယက်နမ်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေ ကြောင်းကွန်တိန်နာသယ်ယူပို့ဆောင်မှုကို တိုးချဲ့နေကြောင်း၊ ယင်းအပြင် မိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကိုဖြတ်သန်း၍ ရထားလမ်းချိတ်ဆက်မှုများကို တည် ဆောက်ရန်စီစဉ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က လာအိုသမ္မတ Mr. Thongloun Sisoulith နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ပြောကြားခဲ့သည်။

ရုရှားနှင့် လာအိုအကြား ကုန်သွယ်မှုပမာဏသည် လျင်မြန်စွာတိုးတက်လာနေကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ကုန်သွယ်မှုပမာဏသည် ၆၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ယခုနှစ်တွင်လည်း တိုးတက်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ရုရှားသမ္မတက ပြောကြားခဲ့သည်။

ဆက်လက်၍ နှစ်နိုင်ငံကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးအတွက် အလားအလာကောင်းများလည်းရှိကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများအတွင်း ငြိမ်းချမ်းစွာနျူကလီးယားစွမ်းအင်အသုံးပြုရေးသဘောတူညီချက်များသည် လာအိုစီးပွား ရေးအတွက် စျေးနှုန်းချိုသာပြီး ဂေဟစနစ်နှင့်ကိုက်ညီသော စွမ်းအင်များပေးဝေရေးလမ်းကြောင်းကို ဖွင့်လှစ်ပေးကြောင်း၊ လာအိုမိတ်ဖက်များသည် နျူကလီးယားနည်းပညာကို စွမ်းအင်မဟုတ်သော နယ်ပယ်များဖြစ်သည့် ကျန်းမာရေး၊ စိုက်ပျိုး ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင်လည်း အသုံးချနိုင်မည့် အလားအလာများကို စိတ်ဝင်စား ကြကြောင်း ရုရှားသမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းအပြင် ရုရှားနှင့်လာအိုကုမ္ပဏီများကြားချောမွေ့သောငွေပေးချေမှုများအတွက် ဒစ်ဂျစ်တယ်နည်းလမ်းအသစ်များကို အကောင်အထည်ရန်ဆွေးနွေးနေပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရုရှား VTB Bank ၏ CEO က ပြောကြားခဲ့သည်။

ရုရှားမှ လာအိုသို့အဓိကတင်ပို့သောကုန်စည်များမှာ မော်တော်ကား၊လျှပ်စစ်ပစ္စည်း နှင့်အလှကုန်များဖြစ်ပြီး လာအိုမှအဓိကတင်သွင်းသောကုန်စည်များမှာ ဖုန်း၊အဝတ် အထည်များဖြစ်ကြောင်းသိရသည်။

Source :        https://tass.ru/ekonomika/24679573

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News