International News

ရုရှားသည် အင်ဒိုနီးရှားနိုင်ငံသို့ ဓာတ်မြေဩဇာအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာ

Last Updated:

ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ရုရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသို့ ဓာတ်မြေ ဩဇာအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာခဲ့ပြီး ယခင်နှစ်စာရင်းအရ ဓာတ်မြေဩဇာတင်ပို့မှုတွင် ဦးဆောင်ခဲ့သည့် ကနေဒါနိုင်ငံကိုကျော်တက်သွားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံစာရင်းအင်းဌာန၏ အချက်အလက်များအပေါ်မူတည်၍ RIА သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ၅ လတာကာလအတွင်း ရုရှားကုမ္ပဏီများသည် အင်ဒိုနီးရှားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၇၆.၈ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာများတင်ပို့ခဲ့ပြီး ယင်းသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၇၀ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ယင်းသို့ သိသာစွာတိုးတက်မှုကြောင့် ရုရှားဓာတ်မြေဩဇာတင်ပို့သူများသည် ကနေဒါမှ ပြိုင်ဘက်များကို ကျော်တက်နိုင်ခဲ့သည်။

ဖော်ပြပါကာလအတွင်း ကနေဒါနိုင်ငံ၏တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၈.၅ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂၅၇.၁ သန်းအထိ သုံးပုံတစ်ပုံခန့်တိုးတက်ခဲ့သော်လည်း ရုရှား၏တိုးတက်မှုနှုန်းထက် နည်းပါးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသို့ ဓာတ်မြေဩဇာတင်ပို့သည့် ထိပ်ဆုံး ၃ နိုင်ငံစာရင်းတွင် တတိယနေရာသည် တရုတ်နိုင်ငံဖြစ်ပြီး ၎င်း၏တင်ပို့မှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၈ သန်းအထိသာရှိခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ဓာတ်မြေသြဇာထုတ်လုပ်နိုင်မှုသည် တန်ချိန် ၆၅ သန်းအထိတိုးတက်လာနိုင်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မှုသည် တန်ချိန် ၄၄ သန်းအထိတိုးတက်လာရန် မျှော်မှန်းထားကြောင်း သိရသည်။ ရုရှား၏ ဓာတ်မြေသြဇာအဓိကတင်ပို့သည့် နိုင်ငံများစာရင်းတွင် အင်ဒိုနီးရှားပါဝင်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ရုရှားကုမ္ပဏီများအတွက် အရေးပါသော မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်သည်။၂၀၂၄ ခုနှစ်တွင် ရုရှားနှင့်အင်ဒိုနီးရှားနှစ်နိုင်ငံအကြား ကုန်သွယ် မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံအထိရှိခဲ့သည်။ ရုရှားသည် အင်ဒိုနီးရှားနိုင်ငံသို့ ရေနံနှင့်ရေနံထွက်ကုန်များ၊ သံနှင့်သံမဏိ၊ ဓာတ်မြေဩဇာ၊ ဂျုံအပါ အဝင် စိုက်ပျိုးရေးထွက်ကုန်များအဓိကတင်ပို့ပြီး အင်ဒိုနီးရှားမှ စားအုန်းဆီ၊ ရော် ဘာ၊ ကော်ဖီနှင့် စိုက်ပျိုးရေးထွက်ကုန်များ အဓိကတင်သွင်းကြောင်းသိရသည်။

Source :        https://ria.ru/20250729/udobreniya-2032061030.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News