International News

ရုရှားတွင် လောင်စာဆီတင်ပို့မှုတားမြစ်ချက်ကြောင့် ပြည်တွင်းလက်လီဈေးနှုန်းများ ကျဆင်းခဲ့

Last Updated:

ရုရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်မှစ၍ ဓာတ်ဆီနှင့်ဒီဇယ်ဆီတင်ပို့မှုကို တားမြစ်ပြီးနောက် လောင်စာဆီသိုလှောင်မှုတန်ချိန် ၄၃၀,၀၀၀ တိုးလာခဲသော်လည်း ၎င်းအစီအမံသည် ပြည်တွင်းဈေးကွက်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က Rossiya-24 ရုပ်သံလိုင်းကို ပြောကြားခဲ့ပါသည်။

ရုရှားဖက်ဒရယ်စာရင်းအင်းဌာန(Rosstat)၏အချက်အလက်များအရ မေလလယ်မှစပြီး ဆက်တိုက်ဈေးနှုန်းမြင့်တက်ခဲ့သော ဒီဇယ်လောင်စာဆီ၏ ပျမ်းမျှလက်လီစျေးနှုန်းသည် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရက်သတ္တပတ်အတွင်း တစ်လီတာလျှင် ၀.၁၄ ရာခိုင် နှုန်း(၉ kopecks)သို့ ကျဆင်းခဲ့ကြောင်း၊ ယင်းမတိုင်ခင်တွင် ဒီဇယ်လောင်စာ၏ပျမ်းမျှလက်လီစျေးနှုန်းသည် တစ်လီတာလျှင် ၆၄.၉၉ ရူဘယ်ရှိခဲ့ပြီး ၆၄.၉၀ ရူဘယ်အထိ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရက်သတ္တပတ်အတွင်း ပျမ်းမျှဓာတ်ဆီစျေးနှုန်းသည်လည်း စတင်ကျဆင်းလာပြီး တစ်လီတာလျှင် ၀.၄၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဓာတ်ဆီအမျိုးအစားတစ်ခုချင်းစီအတွက် ဓာတ်ဆီ 92 တစ်လီတာလျှင် ၀.၄ ရာခိုင်နှန်း၊ ဓာတ်ဆီ - 95 တစ်လီတာလျှင် ၀.၅၅ ရာခိုင်နှန်း၊ ဓာတ်ဆီ-98 တစ်လီတာလျှင် ၀.၂ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့သည်။

Rosstat ၏အစီရင်ခံချိန်ကာလအတွင်း ရုရှားနိုင်ငံတွင် ဓာတ်ဆီထုတ်လုပ်မှုသည် ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်းလျော့ကျကာ တန်ချိန် ၇၅၆.၉၀၀၀ အထိ ကျဆင်းသွားပြီး ဒီဇယ်ဆီထုတ်လုပ်မှုမှာ ၀.၄ ရာခိုင်နှုန်းလျော့ကျကာ တန်ချိန် ၁.၅၄၂ သန်းအထိ ကျဆင်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတွင်းငွေကြေးဖောင်းပွမှုပမာဏသည် ၀.၂၁ ရာခိုင်နှုန်းရှိပါသည်။

ရုရှားနိုင်ငံမှ ဒီဇယ်ဆီနှင့်ဓာတ်ဆီတင်ပို့မှုကို ပြည်တွင်းလိုအပ်ချက်ရှိသ၍ တားမြစ်သွားမည်ဖြစ်ပြီး နောက်ဆုံးရက်ကို သတ်မှတ်ထားခြင်းမရှိသေးကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ Mr. Dmitry Peskov က သတင်းထောက်များကို ပြောကြားခဲ့သည်။ တားမြစ်ချက် အမြန်ရုတ်သိမ်းရေးမျှော်လင့်ချက်သည် မဖြစ်နိုင်သေးကြောင်း စက်တင်ဘာလကုန်တွင် ရုရှားစွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ရုရှားတွင် လောင်စာဆီစျေးနှုန်းများသည် နွေရာသီကတည်းက စံချိန်တင်မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ရခြင်းသည် ပြည်ပတင်ပို့မှုကြောင့်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။ ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန်အတွက် ရုရှားအစိုးရသည် ဓာတ်ဆီနှင့်ဒီဇယ်ဆီတင်ပို့မှု ယာယီကန့်သတ်ချက်ကိုထုတ်ပြန်ကျင့်သုံးခဲ့ပြီး ကန့်သက်ချက်ကာလသည် သက်တမ်းမရှိကြောင်းသိရှိရပါသည်။အဆိုပါကန့်သတ်ချက်ကြောင့် ကမ္ဘာ့ လောင်စာဆီဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများမှ သုံးသပ်လျက်ရှိသော်လည်း ရုရှားပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းများပိုမိုလျှော့ချနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source : https://ria.ru/20231004/toplivo-1900462235.html

https://ria.ru/20231004/toplivo-1900531227.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News