Local News

လပွတ္တာမြို့နယ်တွင် နေလှန်းဆား ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၄၀၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆား ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၄၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီသန့်က ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလက နေလှန်းဆား ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၅၂၀၀၀ ထိသာ ဈေးရရှိခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ယနေ့ (အောက်တိုဘာလ ၅) ရက်နေ့ထိ နေလှန်းဆားပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၄၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း၊ အဆိုပါနေလှန်းဆားများ ဈေးကောင်းလာသည့်အတွက် နေလှန်းဆားထုတ်လုပ် သိုလှောင်ထားသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် နေလှန်းဆားတွေက အခုလအတွင်းမှာ ဈေးကောင်းနေပါတယ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းလုပ်တဲ့ ရာသီဖြစ်လို့ အခုလိုဒေသထွက် နေလှန်းဆားတွေ ဈေးကောင်းနေတာပါ။ အခုလက်ကျန်ဆားတွေကိုပဲ ရောင်းချတာ။ အခုလိုဆားဈေးကောင်းလာတော့ ဆားထုတ်လုပ်တဲ့တောင်သူတွေလဲ အဆင်ပြေလာတာ တွေ့ရပါတယ်။ ဒေသထွက် ဆားတွေကို ဧရာဝတီတိုင်းဒေသကြီးက ဆားဝယ်လက်တွေကို ရောင်းချနေရတဲ့အပြင် ရန်ကုန်ဈေးကွက်ကိုလဲ တင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့မှ နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီသန့်က ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျချက်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါနေလှန်းဆားများကိုဒေသခံတစ်ဦးလျှင် တစ်ဧကမှ ၁၀ ဧကထိ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News