International News

အမေရိကန်အခြေစိုက် Micron က ဟီရိုရှီးမားတွင် တည်ဆောက်သွားမည့် Chip စက်ရုံအား ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံထောက်ပံ့သွားမည်

Last Updated:

ဂျပန်နိုင်ငံအတွင်း နည်းပညာမြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ အမေရိကန်အခြေစိုက် Micron Technology က ဟီရိုရှီးမားပြည်နယ်တွင် တည်ဆောက်မည့် Chip စက်ရုံအား ဂျပန်အစိုးရက ယန်း ၁၉၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ) ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အမေရိကန်နှင့်တရုတ်တို့အကြား အားပြိုင်မှုများပြင်းထန်လာကာ ဂျပန်နိုင်ငံ၏စီးပွားရေးလုံခြုံမှုအပေါ် ခြိမ်းခြောက်မှုများဖြစ်ပေါ်လာမည်ဆိုပါက နိုင်ငံအတွင်း Chip ရရှိနိုင်မှုသေချာစေရေးအတွက် ဂျပန်အစိုးရ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Micron Technology အနေဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း ဂျပန်နိုင်ငံတွင် ယန်း ၅၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကာ နည်းပညာမြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းဖြစ်သည့် အလွန်သေးငယ်သော Chip ကို Extreme Ultraviolet Lithography Machines အသုံးပြု၍ ဂျပန်နိုင်ငံတွင် ပထမဆုံးထုတ်လုပ်မည့် ကုမ္ပဏီဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကုမ္ပဏီအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွင် အချက်အလက်အမြောက်အများသိုလှောင်နိုင်ပြီး စွမ်းဆောင်ရည်မြင့်မားသည့် Chip(1-gamma dynamic random access memory chip)များကို ၂၀၂၆ ခုနှစ်တွင် အမြောက်အများထုတ်လုပ်နိုင်ရန် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် Micron အပြင် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီမှ Kumamoto ပြည်နယ်တွင် တည်ဆောက်မည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မည့်စက်ရုံကိုလည်း ယန်း ၄၇၆ ဘီလီယံပံ့ပိုးပေးသွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် ပြည်တွင်းကုမ္ပဏီ Kioxia ကိုလည်း ယန်း ၉၂.၉ ဘီလီယံထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် မော်တော်ကားထုတ်လုပ်ရာတွင် အသုံးပြုရသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းရရှိမှုအခက်အခဲကြောင့် ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုမှာ ရပ်တန့်နေခဲ့ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာသက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် ဂျပန်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် မော်တော်ယာဉ်များစဉ်ဆက်မပြတ်ထုတ်လုပ်နိုင်မှုသေချာစေရေးအတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ရရှိထားနိုင်ရေးကို အမျိုးသားစီးပွားရေး လုံခြုံမှုအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မှတ်ယူကာ အလေးထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

The Japan Times (၃-၁၀-၂၀၂၃)                                                                               

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News