International News

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ ဒုတိယအကြိမ် စွန့်ပစ်သွားမည်

Last Updated:

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပထမအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံနှုန်းများနှင့်အညီ ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ပစ်ခဲ့ပြီး၊ ၅-၁၀-၂၀၂၃ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် စွန့်ပစ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဒုတိယအကြိမ်အဖြစ်စွန့်ပစ်ခြင်းကို အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀:၃၀ တွင်စတင်၍ စွန့်ပစ်သွားမည်ဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စွန့်ပစ်မည့်ပမာဏမှာ တန်ချိန် ၇၈၀၀ ဖြစ်ပြီး၊ ပထမအကြိမ်စွန့်ပစ်ခဲ့သည့်တန်ချိန်နှင့်ညီမျှသည့်ပမာဏကိုပင် ထပ်မံစွန့်ပစ်သွားမည်ဖြစ်ကြောင်းနှင့်နေ့စဉ်စွန့်ပစ်မည့်တန်ချိန်ပမာဏမှာ တန်ချိန် ၄၆၀ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၁၁ ခုနှစ် မတ်လတွင် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံရှိ အအေးပေးစနစ်ပျက်စီးခဲ့ကာ ဓာတ်ပေါင်းဖို ၃ လုံးအရည်ပျော်ခဲ့ပြီး ရေဒီယိုသတ္တိကြွပစ္စည်းများ ထွက်ရှိလာခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဓာတ်ပေါင်းဖိုများအား ပြန်လည်အေးခဲစေရန်အတွက် အသုံးပြုခဲ့သည့်ရေများကို ဂျပန်နိုင်ငံ၏ ရေသန့်စင်စနစ်ဖြစ်သည့် Advanced Liquid Processing System(ALPS) အသုံးပြု၍ သန့်စင်ခဲ့ပြီး၊သန့်စင်ပြီးရေများကို ရေလှောင်ကန်များတွင် ထိန်းသိမ်းထားခဲ့ကြောင်း၊ ယခုအခါ  စက်ရုံကို လည်ပတ်ဆောင်ရွက်ခဲ့သည့် Tokyo Electric Power Co.အနေဖြင့် ပစိဖိတ်ကမ်းခြေနှင့် ၁ ကီလိုမီတာအကွာသို့ ပင်လယ်ရေအောက်ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် စွန့်ပစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ရေသန့်စင်စနစ်ဖြစ်သည့် Advanced Liquid Processing System(ALPS)စနစ်သည် Tritium မှအပ ဓာတ်ပေါင်းဖိုများမှ ထွက်ရှိခဲ့သည့်ရေများတွင် ပါဝင်သည့် ရေဒီယိုသတ္တိဓာတ် ၆၂ မျိုးကို ဖယ်ရှားနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ Tritium ဓာတ်သည်လည်း ပင်လယ်ရေတွင် ပျော်ဝင်နိုင်မည်ဖြစ်သဖြင့် နိုင်ငံတကာဘေးကင်းလုံခြုံရေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များကို ကျော်လွန်ခြင်းမရှိဘဲ လျော့နည်းနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရ၊ ဖူကူရှီးမားပြည်နယ်အစိုးရနှင့် Tokyo Electric Power Co. တို့အနေဖြင့် ပထမအကြိမ် စွန့်ပစ်ခဲ့သည့်အချိန်မှစ၍ နျူကလီးယားဓာတ်အားပေးစက်ရုံအနီးရှိ ငါးများနှင့် ပင်လယ်ရေတွင် Tritium  ပါဝင်မှုအခြေအနေကို ပုံမှန်စောင့်ကြည့်လျက်ရှိပြီး၊ ပုံမှန်မဟုတ်သည့်ထူးခြားသည့်ဖြစ်စဉ်များ ဖြစ်ပေါ် ခြင်းမရှိကြောင်း၊၄-၁၀-၂၀၂၃ ရက်နေ့တွင်  Tokyo Electric Power Co. မှ သန့်စင်ပြီးရေများတွင် Tritium  ပါဝင်မှုကို တိုင်းတာချက်အရ တစ်လီတာလျှင် အဆိုပါရေတွင် ရေဒီယိုသတ္တိပါဝင်မှုနှုန်းမှာ ၁ လီတာလျှင် ၈၇ Becquerels သာရှိပြီး စွန့်ပစ်နိုင်သည့် စံသတ်မှတ်ချက်ကို ကျော်လွန်ခြင်းမရှိဘဲ လျော့နည်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံ၏ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်မှုအပေါ် ဂျပန်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများမှ အထူးသဖြင့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပြီး တရုတ်၊ ထိုင်ဝမ်၊ဟောင်ကောင်၊ ရုရှားနှင့်မြောက်ကိုရီးယားစသည့်နိုင်ငံများမှ စိုးရိမ်မှုများရှိကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ကာ ဂျပန်နိုင်ငံ၏ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ပါသည်။ ထိုသို့ဆောင်ရွက်မှုကြောင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်စုစုပေါင်းတင်ပို့မှု၏ ၂၈ ရာခိုင်နှုန်းရှိသော ဂျပန်နိုင်ငံ၏ရေလုပ်ငန်းကဏ္ဍအတွက် အကြီးဆုံးဈေးကွက်သို့ တင်ပို့မှုကျဆင်းခဲ့ရပြီး ဂျပန်နိုင်ငံ၏ရေလုပ်ငန်းကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။

Source: The Yonshp News Agency (5-10-2023)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News