International News

အိန္ဒိယနိုင်ငံ၌ လယ်ယာမြေများတွင် အရင်းအမြစ်များကို ထိရောက်စွာအသုံးပြုမှုကို ခြေရာခံရန် အာရုံခံကိရိယာများ မကြာမီအသုံးပြုသွားမည်

Last Updated:

အိန္ဒိယအစိုးရသည် လယ်ယာများတွင် ရေအရင်းအမြစ်၊ ဓာတ်မြေသြဇာ၊ ဓာတုနှင့် ပိုးသတ်ဆေးများအသုံးပြုမှုကို ခြေရာခံရန် အာရုံခံကိရိယာများတပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် မကြာသေးမီက ကြေညာထားသည့် ဒရုန်းအစီအစဉ်အရ ခေတ်မီလယ်ယာစိုက်ပျိုးရေးစနစ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် သီးနှံနှင့် ထုတ်လုပ်မှုပမာဏပေါ်မူတည်၍ တိကျသောနည်းပညာများဖြင့် သယံဇာတအသုံးပြုမှုထိရောက်မှု 50-70% တိုးတက်လာရန် အစိုးရက မျှော်လင့်ထားသည်ဟု တာဝန်ရှိသူများက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

ယင်းအစီအစဉ်သည်  လယ်သမားများအား ရေအရင်းအမြစ်များကိုထိရောက်စွာ အသုံးပြုမှုမြှင့်တင်ရန်၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ပိုးသတ်ဆေးများနှင့် တခြားဓာတုပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကို ကန့်သတ်ရန်အတွက် ခေတ်မီလယ်ယာစနစ်ကို အကောင်အထည်ဖော်ရန် အခြေခံအဆောက်အအုံဆိုင်ရာပံ့ပိုးကူညီမှုများကို လှုံ့ဆော်ပေးပြီးပံ့ပိုးပေးရန်ဖြစ်သည်ဟု အမည်မဖော်လိုသည့် အစိုးရအကြီးတန်းအရာရှိတစ်ဦးက The Economic Times သတင်းစာသို့ ပြောကြားထားကြောင်း သိရသည်။

အင်တာနက်အခြေပြုစိုက်ပျိုးရေးအာရုံခံကိရိယာများသည် လယ်သမားများထံ ၎င်းတို့၏လယ်မြေများတွင် ရေ၊ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးလိုအပ်ချက်များအကြောင်း အချက်ပြမှုများပေးပို့ကာ သီးနှံများအလွန်အကျွံရေလောင်းခြင်း သို့မဟုတ် အခြားသွင်းအားစုများ အသုံးပြုခြင်းမှကာကွယ်ရန် ကူညီပေးမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍတွင် ဓာတုပစ္စည်းများအလွန်အကျွံသုံးစွဲမှုပြဿနာအား အစိုးရက အထူးဂရုစိုက်လျက်ရှိကြောင်းနှင့် မူဝါဒချမှတ်သူများသည် ယင်းနှင့်ပတ်သက်ပြီး အမြဲဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်နာရင်ဒြာမိုဒီသည် ၂၀၁၉ ခုနှစ် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် လယ်သမားများအား ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများအသုံးပြုမှုလျှော့ချရန် အလေးအနက်ပန်ကြားခဲ့ပြီး လယ်သမားများအနေနှင့် မြေဆီလွှာများထိခိုက်ပျက်ဆီးမှုမရှိစေရေး အလေးထားရန် ပြောကြားထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် အိန္ဒိယအစိုးရသည် မြေဆီလွှာကျန်းမာရေးကို အကဲဖြတ်ရန်နှင့် အချိန်နှင့်အမျှပြောင်းလဲမှုများကို သိရှိနိုင်ရန်အတွက် မြေဆီ လွှာကျန်းမာရေးကတ်စနစ်ကို စတင်ခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါတွင် နည်းပညာကို ထိရောက်စွာအသုံးပြုစေလိုပါကြောင်းနှင့် ယင်းသည် လက်တွေ့တွင် အရင်းအမြစ်များကို ပိုမိုထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း  တာဝန်ရှိသူများက ပြောကြားသည်။

အိန္ဒိယပြည်ထောင်စုအစိုးရအဖွဲ့က ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများဖြန်းရာတွင် အထောက်အကူပြုရန်အတွက် ဒရုန်းများအား ကိုယ်ထူ ကိုယ်ထအမျိုးသမီး ၁၅,၀၀၀ သို့ ပံ့ပိုးပေးမည့်စီမံချက်အတွက် ၂၀၂၄-၂၅ ခုနှစ်မှစ၍ နှစ်နှစ်တာကာလအတွင်း ရူပီး ၁၂၆၁၀ သန်းထောက်ပံ့ပေးရန် ပြီးခဲ့သည်အင်္ဂါနေ့က  အတည်ပြုခဲ့သည်။ ထို့အပြင် အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီသည် ကုန်ကျစရိတ်နည်းသော အာရုံခံကိရိယာများကို အခြေခံသည့်နည်းပညာများကို ဆောင်ရွက်လျက်ရှိပြီး ယင်းကို တွင်ကျယ်စွာအသုံးပြုနိုင်ရန်အတွက် အထောက်အပံ့များကိုလည်း ပေးအပ်ထားကြောင်း သိရသည်။ ကုန်ကျစရိတ်များသည့် နည်းပညာကို လက်ရှိတွင် ပုဂ္ဂလိကကဏ္ဍမှ သစ်သီးဝလံ၊ ပန်းမန်စိုက်ခင်းများတွင် အသုံးပြုနေပြီး သီးနှံ၊ ပဲမျိုးစုံနှင့် ဆန်ကဲ့သို့သော စားသုံးမှုများသည့် သီးနှံများအတွက် အသုံးပြုရန်အစီအစဉ်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

Jammu & Kashmir ဒေသတွင် ယခုနှစ်အစောပိုင်းတွင် အာရုံခံစနစ်သုံးခေတ်မီစိုက်ပျိုးရေးပရောဂျက်အတွက် ရူပီးသန်းပေါင်း ၃၀၀ ကိုခွင့်ပြုဆောင်ရွက်ခဲ့ပြီး ဈေးကောင်းရရှိသည့် သီးနှံများစိုက်ပျိုးရန်  Hi-tech poly houses  နှင့် IoT Application ကိုအသုံးပြု၍ အပင်များအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခြေအနေများကို အလိုအလျှောက်စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ရာ ရေ၊ မြေ၊ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးများကိုစနစ်တကျအသုံးပြု၍ သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်အောင်  ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် စနစ်များကိုအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း တင်ပြ လိုက်ရပါသည်။

Source : Soon, farms to have sensors to track efficient use of resources, The Economic Times, December 2, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: International News