International News

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ ပြည်တွင်းစပါးဈေးနှုန်းထိန်းသိမ်းရန်နှင့် တောင်သူများအား အကာအကွယ်ပေးရန် ဆန်တင်သွင်းမှုကို ရက်ပေါင်း ၉၀ ကန့်သတ်ရန်စီစဉ်နေ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဌာန(Department of Agriculture-DA) သည် ပြည်တွင်းရှိ မိုးစပါးရိတ်သိမ်းချိန်တွင် စပါးဈေးနှုန်းများအဆ မတန်ကျဆင်းသွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် လာမည့်ဇွန်လမှစတင်၍ ရက်ပေါင်း ၉၀ ကြာဆန်တင်သွင်းမှုကို ကန့်သတ်ထိန်းချုပ်ရန် စူးစမ်းလေ့လာလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါဆုံးဖြတ်ချက်မှာ ဖိလစ်ပိုင်နိုင်ငံ၏ အဓိကဆန်ထွက်ရှိရာဒေသများဖြစ်သည့် Nueva Ecija၊ Pampanga၊ Isabela နှင့် Cagayan ဒေသတို့တွင် အဓိကရိတ်သိမ်းရာသီကုန်ဆုံးခါနီးအချိန်၌ စပါးဈေးနှုန်းမှာ တစ်ကီလိုလျှင် (၁၆)ပီဆိုအထိ စံချိန်တင်ကျဆင်းသွားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ Agriculture Secretary ဖြစ်သူ Francisco Tiu Laurel Jr. က နိုင်ငံအတွက် ဆန်တင်သွင်းရန် လိုအပ်နေသေးသော်လည်း ပြည်တွင်းစပါးဈေးနှုန်းထပ်မံကျဆင်းမသွားစေရန်နှင့် ပြည်တွင်းဆန်ဖူလုံမှု နှင့် စပါးဈေးနှုန်းတည်ငြိမ်ရေးတို့အကြား မျှတမှုရှိစေရန် ဇွန်လမှ သြဂုတ်လအထိ လစဉ်ဆန်တင်သွင်းမှုပမာဏကို ကန့်သတ်ရန်စဉ်းစားနေခြင်းဖြစ်ကြောင်း ဆိုသည်။

စိုက်ပျိုးရေးဌာနအနေဖြင့် လာမည့်စက်တင်ဘာလမှနိုဝင်ဘာလအတွင်း ထွက်ရှိမည့် မိုးစပါးများအတွက် စပါးဈေးကို တစ်ကီလိုလျှင် (၂၂)ပီဆိုအထိရရှိရန်ရည်မှန်းချက်ထားရှိပြီး ယင်းကာလအား တောင်သူများအတွက် အရေးပါသော စီးပွားရေးကုစားမှုကာလ(Recovery Window) အဖြစ် သတ်မှတ်ထားသည်။ တစ်ချိန်တည်းမှာပင် အမျိုးသားစားနပ် ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority-NFA)သည် စပါးခြောက်ဝယ်ယူမည့်ဈေးကို တစ်ကီလိုလျှင် (၃၀)ပီဆိုအထိ တိုးမြှင့်သတ်မှတ်လိုက်ပြီး ဈေးနှုန်းများသိသိသာသာကျဆင်းနေသည့် ဒေသများတွင် ဝယ်ယူမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ် သည်။ ထို့အပြင် တောင်သူများအနေဖြင့် ရိတ်သိမ်းပြီးစပါးများကို NFA သို့ တိုက်ရိုက်ရောင်းချနိုင်မည့် စနစ်သစ်ကိုလည်း စတင်ကျင့်သုံးလျက်ရှိသည်။

လုပ်ငန်းစဉ်ပိုင်းဆိုင်ရာတွင်သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် တောင်သူများအနေဖြင့် အစိုးရဝယ်ယူရေးစခန်းများသို့ ရောက်ရှိရန်ကြန့်ကြာမှုများရှိနေခြင်းကို ဖြေရှင်းရန်အတွက် NFA မှ ယခုနှစ်အတွင်း ကုန်တင်ကားအစီးရေ(၁၅၀)ထပ်မံဝယ်ယူရန်စီစဉ်လျက်ရှိသည်။ စိုက်ပျိုးရေးဌာနသည် ၂၀၂၇ ခုနှစ်အထိ ဆန်ရိက္ခာဖူလုံစေရန်အတွက် ဂိုဒေါင်နှင့် သိုလှောင်ရုံများတိုးချဲ့တည်ဆောက်ခြင်းနှင့် ဗျူဟာမြောက် ဆန်အရန်သင့်သိုလှောင်ခြင်းများကိုလည်း တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် နိုင်ငံ၏ဆန်လက်ကျန်မှာ ရက်ပေါင်း(၇၀)စာသုံးစွဲရန် လုံလောက်သော အခြေအနေတွင်ရှိနေသည်။

ထို့အပြင် စားသုံးသူများအတွက် လက်လီဆန်ဈေးနှုန်းတည်ငြိမ်စေရန်ရည်ရွယ်၍ ပြည်တွင်းဆန်နှင့် တင်သွင်းဆန်များကို ရောနှောရောင်းချမည့်(Blending)မူဝါဒကိုလည်း စူးစမ်းလေ့လာလျက်ရှိသည်။ အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများကြောင့် ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကြုံတွေ့ရနိုင်သည့် အယ်လ်နီညို(El Niño) ရာသီဥတုဘေးတို့မှာ လာမည့်ရိတ်သိမ်းမှုအတွက် အဓိကစိန်ခေါ်မှုများဖြစ်နေသည်။ သို့သော် လည်း အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံအပါအဝင် ဆန်တင်ပို့သည့်နိုင်ငံများနှင့် ရေရှည်စာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းမှုများပြုလုပ်လျက်ရှိပြီး တောင်သူများကို မထိခိုက်စေဘဲ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် လာမည့် နှစ်အထိ ဆန်ဖူလုံစေရေးကို အဓိကထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

https://businessmirror.com.ph/2026/05/04/phl-keen-on-limiting-rice-imports-for-90-days/

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News