International News

ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် မိုးခေါင်မှုတို့ကြောင့် ဖိလစ်ပိုင် နိုင်ငံ၏ ဆန်စပါးအထွက်နှုန်း ကျဆင်းနိုင်

Last Updated:

အမေရိကန်စိုက်ပျိုးရေးဌာန(The United States Depart­ment of Agri­cul­ture-USDA)သည် ဖိလစ်ပိုင်၏ဆန်စပါးထွက်နှုန်းလျော့ကျနိုင်ခြေရှိမှုကြောင့် ၂၀၂၆-၂၀၂၇ ဈေးကွက်နှစ်အတွက် ဆန်တင်သွင်းမှုပမာဏကို ယခင်ခန့်မှန်းထားသည့် မက်ထရစ်တန် ၅.၁၀ သန်းမှ ၅.၂၀ သန်းအထိ တိုးမြှင့်ခန့်မှန်းလိုက်သည့်သတင်းအား ဖိလစ်ပိုင်အခြေစိုက် Manila Bulletin သတင်းစာတွင် ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ဇွန်လ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကောက်ပဲသီးနှံနှင့် အစားအစာ(Grain and Feeds) အစီရင်ခံစာ၌ လာမည့်လမှစတင်ပြီး နောက်နှစ်ဇွန်လတွင် ကုန်ဆုံးမည့် ၂၀၂၆-၂၀၂၇ ဈေးကွက်နှစ်အတွက် ဖိလစ်ပိုင် နိုင်ငံသည် ယခင်ခန့်မှန်းထားသည့်တန်ချိန် ၅.၁၀ သန်းထက် မက်ထရစ်တန် ၁ သိန်းထပ်မံတင်သွင်းရဖွယ်ရှိကြောင်း USDA က ဖော်ပြထားပါသည်။

ယခုကဲ့သို့ပြင်ဆင်သတ်မှတ်ရခြင်းမှာ ဆက်တိုက်တိုးတက်နေသည့် ဆန်လိုအပ်ချက်နှင့် သွင်းအားစုစရိတ်များမြင့်မားမှုကြောင့် ကြိတ်ခွဲပြီး ဆန်ထွက်နှုန်းလျော့ကျနိုင်ခြေရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အစီရင်ခံစာအရ လာမည့်ဈေးကွက်နှစ်တွင် နိုင်ငံတွင်း ကြိတ်ခွဲပြီး ဆန်ထွက်နှုန်းမှာ ယခင်ခန့်မှန်းချက်ဖြစ်သော မက်ထရစ်တန် ၁၂.၄၀ သန်းမှ မက်ထရစ်တန် ၁ သိန်းခန့်လျော့နည်းသွားကာ တန်ချိန် ၁၂.၃၀ သန်းသို့ကျဆင်းသွားမည်ဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ ပြည်တွင်းဆန်စပါးစိုက်ပျိုးမြေဧရိယာသည်လည်း ဟက်တာ ၄.၇၀ သန်းမှ ၄.၆၅ သန်းသို့ လျော့ကျသွားမည်ဟု USDA က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

စက်သုံးဆီနှင့် ဓာတ်မြေဩဇာဈေးနှုန်းမြင့်မားမှုကြောင့် လယ်ယာလုပ်ငန်းအကျိုးအမြတ်နည်းလာပြီး စိုက်ပျိုးမြေဧရိယာတိုးချဲ့နိုင်မှုကို အကန့်အသတ်ရှိနေကြောင်း၊ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနက လယ်သမားများအတွက် စက်သုံးဆီနှင့်ဓာတ်မြေဩဇာထောက်ပံ့ပေးနေသော်လည်း မြင့်တက်လာသည့် ကုန်ကျစရိတ်၏သက်ရောက်မှုကို တစ်စိတ်တစ်ပိုင်းသာလျော့ပါးစေနိုင်ကြောင်း USDA က ပြောကြားခဲ့ပြီး အဓိကဆည်ကြီးများ၏ရေခမ်းခြောက်မှုများဖြစ်ပေါ်လာခြင်းသည် အထူးသဖြင့် မြေနိမ့်ပိုင်းဒေသများရှိ ပြည်တွင်းစပါးစိုက်ပျိုးမှုကို ထိခိုက်စေနိုင်ကြောင်း USDA က သတိပေးထားသည်ဟု ဖော်ပြထားပါသည်။

Source: Manila Bulletin သတင်းစာ

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့) 

Category: International News