အမေရိကန်နှင့် ဂျပန်တို့အကြား ကုန်သွယ်ရေးသဘောတူစာချုပ်အသစ်ပြီးနောက် ဂျပန်နိုင်ငံသို့ ထိုင်းဆန်ခွဲတမ်းကို ၃ ပုံ ၂ ပုံကျော်ဖြတ်တောက်နိုင်သည့် အလား အလာရှိသဖြင့် ထိုင်းဆန်ပို့ကုန်ကဏ္ဍအတွက် သတိပေးမှုဖြစ်စေကြောင်း The Nation သတင်းဝက်ဘ်ဆိုဒ်တွင် “US-Japan Trade Deal Threatens Thai Rice Exports to Japan” ဖြင့် ဖော်ပြထားကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ “အနည်းဆုံးဝင်ရောက်ခွင့်” မူဘောင်အောက်တွင် ဂျပန်နိုင်ငံသည် အမေရိကန်ထံမှ ဆန်ဝေစုပိုမိုတင်သွင်းရန် အဆိုပြုထားကြောင်း၊ ယင်းဝေစုအရ နှစ်စဉ်ခန့်မှန်း ဆန်တန်ချိန် ၇၇၀,၀၀၀ ကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုပါကြောင်း၊ မှတ်တမ်းများအရ ဂျပန်က အဆိုပါခွဲတမ်းကို ခွဲခြမ်းလိုက်ပြီး ထိုင်းနှင့် အမေရိကန်ထံမှ တန်ချိန် ၃၀၀,၀၀၀ စီဝယ်ယူပါကြောင်း၊ မော်တော်ယာဉ်ကဲ့သို့သော ဂျပန်စက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများအပေါ် အပြန်အလှန်ခွန်ကိုအဆိုပြုထားသည့် ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချ ခြင်းအတွက် အမေရိကန်က ဆန်သက်သာခွင့်ကို အာမခံခဲ့ကြောင်း၊ဂျပန်နိုင်ငံသည် ၎င်း၏ပြိုင်ဆိုင်မှုပြင်းထန်သော စက်မှုပို့ကုန်များကို ကာကွယ်ရန်အတွက် ဆန်သက်သာခွင့်ကို လက်ခံလိုက်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ လက်ရှိဆန်တန်ချိန် ၃၀၀,၀၀၀ ခွဲတမ်းကို ပိတ်ရန်အတွက် ဂျပန်နှင့် နားလည်မှုစာချွန်လွှာ(MoU)ကို အလျင်အမြန်ညှိနှိုင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Suphajee Suthumpun က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် အမေရိကန်မှ ဆန်တင်သွင်းမှု ၇၅ ရာခိုင်နှုန်းတိုးမြှင့်ရန်လိုအပ်သည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ယင်းတွန်းအားပေးဆောင်ရွက်မှုသည် ထိုင်းနိုင်ငံ၏ ဈေးကွက်ဝေစုကို တိုက်ရိုက်ထိန်းထားစေပါကြောင်း သိရှိရပါသည်။
ယခင်ခွဲတမ်းကို သေချာစေရန်မှာ ခက်ခဲနိုင်ကြောင်း၊ အကယ်၍ အမေရိကန်က တန်ချိန် ၇၇၀,၀၀၀ ခွဲတမ်း၏ ၇၅ ရာခိုင်နှုန်းကိုတောင်းဆိုပါက ထိုင်းနိုင်ငံ၏ခွဲတမ်းသည် လာမည့်နှစ်တွင် တန်ချိန် ၃၀၀,၀၀၀ မှ ၁၀၀,၀၀၀ အောက်နည်းနိုင်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏နိုင်ငံတွင် ထုတ်လုပ်မှုပို့ကုန်စွမ်းရည်ကို ကာကွယ်ရန် အမေရိကန်အပေါ် ၎င်း၏ကတိကဝတ်ကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း၊ တရားဝင်ထုတ်ပြန်ထားသည့်အချက်အလက်များအရ ဂျပန်နိုင်ငံသို့ ထိုင်းဆန်ပို့ကုန်သည် သိသိသာသာကျဆင်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပမာဏအားဖြင့် ၁၉ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၄၂ ရာခိုင်နှုန်းသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က ပြောကြားခဲ့ပသည်။
Source: https://www.nationthailand.com/business/trade/40056887
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)