International News

ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဠာန၏ သကြားတင်သွင်းခွင့်ခွဲတမ်းအတွက် ကုမ္ပဏီ ၅ ခုမှ လေလံအောင်မြင်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်သော ၂၀၂၅ ခုနှစ် သကြားတင်သွင်းခွင့်ခွဲတမ်းအတွက် စီးပွားရေး ၅ ခုသည် ဗီယက်နမ်ဒေါင် ၂၅၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၀ သန်း)တန်ဖိုးရှိ သကြားတန်ချိန် ၁၀၀,၀၀၀ တင်သွင်းခွင့်ရရှိခဲ့ကြောင်း၊ လုပ်ငန်းတစ်ခုစီသည် တန်ချိန် ၂၀,၀၀၀ တင်သွင်းရန် ခွဲတမ်းရရှိပြီး တန်ဖိုးအားဖြင့် ဗီယက်နမ်ဒေါင် ၄၅ ဘီလီယံခန့်ရှိကြောင်း Viet Nam News အွန်လိုင်းသတင်းဌာနဖော်ပြချက်အရ သိရှိရပါသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှာ Vietnam Sugar Joint Stock Company၊ Vietnam Sugarcane Joint Stock Company ၊ Thanh Thanh Cong – Bien Hoa Joint Stock Company၊ Agris Tây Ninh Joint Stock Company နှင့် Agris Ninh Hòa Import Export Joint Stock Company တို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏အဆိုအရ အဆိုပါခွဲတမ်းခွဲတမ်းသည် နိုင်ငံ တကာကတိကဝတ်များကို ဖြည့်ဆည်းရန်၊ ထောက်ပံ့မှုနှင့် ဝယ်လိုအားအကြား မျှတသော ဈေးကွက်ရရှိစေရန်နှင့် တင်သွင်းသူများအကြား ပွင့်လင်းမြင်သာမှုကို မြင့်တင်ရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်ကြံနှင့်သကြားအသင်း (VSSA)၏အချက်အလက်များအရ ၂၀၂၄-၂၀၂၅ ရာသီအတွက် ကြံထုတ်လုပ်မှုသည် တန်ချိန် ၁၃.၃၄ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး သကြားထုတ်ရှိမှုသည် တန်ချိန် ၁.၃၇ သန်းဝန်းကျင်ရှိကာ ယခင်ရာသီထက် ၈.၂၄ ရာခိုင်နှုန်းခန့် တိုးလာမည်ဟုခန့်မှန်းထားသည်။

ဗီယက်နမ်နိုင်ငံသည် ဩဂုတ်လအထိ သကြားတန်ချိန် ၂၅၀,၀၀၀ တင်ပို့ခဲ့ပြီး တန်ချိန် ၆၄၀,၀၀၀ ခန့်တင်သွင်းခဲ့သည်။ လစဉ်ပျမ်းမျှတန်ချိန် ၈၀,၀၀၀ ခန့်တင်သွင်းမှုနှင့်အတူ စုစုပေါင်းသကြားတင်သွင်းမှုသည် တတိယသုံးလပတ်အကုန်တွင် တန်ချိန် ၇၂၀,၀၀၀ ရောက်ရှိဖွယ်ရာရှိသည်ဟု ခန့်မှန်းထားသည်။

သို့သော်လည်း ပြည်တွင်းသကြားလုပ်ငန်းသည် အသီးအနှံများမှ ရရှိသည့် သကာရည်(high-fructose corn syrup (HFCS))၏ကြီးထွားလာသော ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်နှင့် တောင်ကိုရီးယားတို့မှ HFCS တင်သွင်းမှုသည် ယခုနှစ် ၈ လအတွင်း တန်ချိန် ၂၆၀,၀၀၀ အထိမြင့်တက်လာကြောင်း ဖော်ပြထား သည်။

HFCS သည် ကြံသကြားထက် ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ ဈေးနှုန်းနိမ့်သဖြင့် အစား အသောက်နှင့် အဖျော်ရည်ယမကာထုတ်လုပ်သူများသည် ၎င်းကို ပိုမိုဈေးချိုသာသည့် အစားထိုးအဖြစ် အသုံးပြုရန် ရွေးချယ်လာခဲ့ရာ ဈေးကွက်အတွင်း ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရကြောင်းဖော်ပြထားသည်။

ပြည်တွင်းထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ဈေးကွက်အတွင်း ဝယ်လိုအား အလွန်အကျွံနှင့် သိုလှောင်မှုမြင့်တက်ခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ ဩဂုတ်လကုန်တွင် စီးပွားရေးလုပ်ငန်းများမှ သကြားသိုလှောင်မှုတန်ချိန် ၄၇၀,၀၀၀ ခန့်အထိရှိလာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအဆိုအရ သိရှိရပါသည်။

စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ သကြားတင်သွင်းမှုခွဲတမ်းတန်ချိန် ၁၀၀, ၀၀၀ ကိုလေလံတင်ခြင်းနှင့်ခွဲဝေချထားပေးခြင်းသည် တရားဝင်တင်သွင်းခွင့်အရင်း အမြစ်များကို ထိန်းညှိရန်၊ စီးပွားရေးလုပ်ငန်းများကို တည်ငြိမ်သော ကုန်ကြမ်းထောက်ပံ့မှုများရရှိစေရန်နှင့် HFCS တရားမဝင်တင်သွင်းမှုနှင့် တရားမမျှတသော ယှဉ်ပြိုင်မှုများကို တားဆီးရန်ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။

Source: Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News