International News

လုပ်သားရှားပါးခဲ့မှုကြောင့် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဂျပန်ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်မှာ ၁၂ နှစ်တာအတွင်း အမြင့်ဆုံးဖြစ်ခဲ့

Last Updated:

လုပ်သားရှားပါးခဲ့မှုနှင့် ကုန်စည်ဈေးနှုန်းများမြင့်တက်ခဲ့မှုကြောင့် အသေးစားစီးပွားရေးလုပ်ငန်းများအပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပထမနှစ်ဝက်တွင် ဂျပန်ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်မှာ ၅,၁၀၀ ကျော်ရှိခဲ့ပြီး၊ ၁၂ နှစ်တာအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ၈-၁၀-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan bankruptcies hit 12-yr-high in 1st half of FY2025 amid labor scarcity” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ယန်း ၁၀ သန်း(အမေရိကန်ဒေါ်လာ ၆၆,၀၀၀)နှင့်အထက် ကြွေးမြီရှိသည့်ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်မှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်းများပြားခဲ့ကာ ၅,၁၇၂ ခုရှိခဲ့ကြောင်းနှင့် ပထမနှစ်ဝက်အတွင်း ဒေဝါလီခံရမှုမှာ ၄ နှစ်ဆက်တိုက်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

မတည်ငွေရင်း ယန်း ၁၀ သန်းအောက်ရှိပြီး ကြွေးမြီယန်း သန်း ၁၀၀ အောက်နည်းသည့် အသေးစားကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေ အတွက်မှာ စုစုပေါင်းဒေဝါလီခံရမှုအရေအတွက်၏ ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပထမနှစ်ဝက်တွင် ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီများ၏ ပေးဆပ်ရမည့်ကြွေးမြီပမာဏမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၉.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၆၉၂.၇ ဘီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

လုပ်သားရှားပါးခြင်းကြောင့် ဒေဝါလီခံခဲ့ရသည့်ကုမ္ပဏီအရေအတွက်မှာ ၂၀၂ ခုရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှစတင်၍ အများဆုံးဖြစ်ခဲ့ကြောင်းနှင့် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅၁ ခုများပြားလာခဲ့ခြင်းဖြစ် ကြောင်း၊ လုပ်အားခများမြင့်တက်ခဲ့ခြင်းကြောင့် ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီအရေအတွက်မှာ ၇၂ ခု၊ အလုပ်လျှောက်ထားသူရှားပါးခြင်းကြောင့် ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီအရေအတွက်မှာ ၆၆ ခုနှင့်အလုပ်ထွက်သူများပြားခြင်းကြောင့် ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီအရေအတွက်မှာ ၆၄ ခုရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုကြောင့် ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီအရေအတွက်မှာ ၂၀၂၄ ခုနှစ်တွင် ၃၅၅ ခုရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၆၉ ခုအထိများပြားလာခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီအရေအတွက်မှာ ၁,၇၆၂ ခုရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ကြောင်းနှင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ကုန် ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် ဒုတိယအများဆုံးဒေဝါလီခံခဲ့ရသည့် ကဏ္ဍမှာ ဆောက်လုပ်ရေးကဏ္ဍဖြစ်ကြောင်းဖော်ပြထားပါသည်။

 (သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News