International News

၂၀၂၅ ဘဏ္ဍာနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ၅ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့

Last Updated:

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ရရှိမှုများကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၅ ဘဏ္ဍာနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၃.၇၈ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၂၄.၉ ဘီလီယံ)ရှိခဲ့ကြောင်း ၈-၁၀-၂၀၂၅ ရက်နေ့တွင် ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ၈-၁၀-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan current account surplus down 5% in Aug. on lower investment returns” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ နိုင်ငံတကာကုန်သွယ်မှုတွင် အရေးပါသည့် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းမှာ ၇ လဆက်တိုက် ပိုငွေဖြစ်ပေါ်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင်ရှိခဲ့သည့် စာရင်းရှင်စာရင်းမှာ ဒုတိယအများဆုံးဖြစ်ခဲ့သည်ဟု ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကနဦးထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

ဘဏ္ဍာရေးကဏ္ဍ၊ အာမခံလုပ်ငန်းကဏ္ဍနှင့် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကုမ္ပဏီများ၏ ပြည်ပနိုင်ငံများရှိရုံးခွဲများမှ အမြတ်ရရှိမှုမှာ ၁၁.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၄.၃၀ ထရီလီယံယန်းရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၃၈၅.၆ ဘီလီယံယန်း ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ရာမှ ရေနံစိမ်းဈေးနှုန်းများကျဆင်းခဲ့မှုကြောင့် သွင်းကုန်တန်ဖိုးမှာ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၈.၂၅ ထရီလီယံယန်းရှိခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဩဂုတ် လတွင် ကုန်သွယ်မှုပိုငွေ ၁၀၅.၉ ဘီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။  

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ အကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့မှုကြောင့် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့မှုမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၈.၃၆ ထရီလီယံယန်းရှိခဲ့ကြောင်း၊ ဉာဏပစ္စည်းဆိုင်ရာဝန်ဆောင်ခများရရှိမှု ကျဆင်းခဲ့ခြင်းကြောင့် ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေမှာ ယခင်နှစ် အလား တူကာလနှင့်နှိုင်းယှဉ်ပါက ၂.၄ ဆပိုမိုများပြားခဲ့ပြီး ၁၈၉.၉ ဘီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ၁၆.၉ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၃.၄၃ သန်းနီးပါးရှိခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံ၏ ခရီးသွားပိုငွေမှာ ၄၁၉.၅ ဘီလီယံယန်းရှိခဲ့ကြောင်း၊ ခရီးသွားပိုငွေဆိုသည်မှာ ပြည်ပနိုင်ငံများတွင် ဂျပန်နိုင်ငံသားများ၏သုံးစွဲမှုပမာဏထက် နိုင်ငံခြားသားခရီးသွားဧည့်သည်များမှ ဂျပန်နိုင်ငံတွင် သုံးစွဲမှုပမာဏမှာ ပိုမိုများပြားခဲ့ခြင်းကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News