International News

အိန္ဒိယနိုင်ငံသည် စားတော်ပဲအား အကောက်ခွန်လွတ် တင်သွင်းခွင့်ကို ရပ်ဆိုင်း

Last Updated:

စိုက်ပျိုးသူများ ပိုမိုကောင်းမွန်သောဈေးနှုန်းများရရှိစေရန်ရည်ရွယ်သည့် လုပ်ဆောင်ချက်တစ်ရပ်အနေဖြင့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းများသိသိသာသာကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းအဖြစ် သတ်မှတ်ခံထားရသော စားတော်ပဲအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။ အဆိုပါလုပ်ဆောင်ချက်သည် ခါရစ်(မိုးရာသီ)သီးနှံများ ဈေးကွက်သို့ ရောက်ရှိလာမှု အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၉ ရက်နေ့က ဖော်ပြသည်။

ဗုဒ္ဓဟူးနေ့(အောက်တိုဘာလ ၂၉ ရက်နေ့)ညနေပိုင်းက ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာတစ်ရပ်တွင် ယခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ စားတော်ပဲတင်သွင်းမှုအပေါ် ၁၀ ရာခိုင် နှုန်းတင်သွင်းခွန်နှင့် ၂၀ ရာခိုင်နှုန်း စိုက်ပျိုးရေးအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအခွန်(AIDC)တို့ကိုကောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ ပြည်ပမှ စားတော်ပဲတင်သွင်းမှုများကို အခွန်ကင်းလွတ်ပြုလုပ်ပြီး ၇ လအတွင်း ယခုကဲ့သို့အကောက်ခွန်ပြန်လည်ကောက်ခံရန် လုပ်ဆောင်ချက်သည် Telangana၊ Odisha၊ Maharashtr နှင့် Madhya Pradesh ပြည်နယ်များရှိ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို ၎င်းတို့၏ သက်ဆိုင်ရာ အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းများ(MSPs)ဖြင့်ဝယ်ယူရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းဖြစ်သည်။ ပဲပုပ်များအပါအဝင် အဆိုပါဝယ်ယူမှုသည် ခန့်မှန်းခြေအားဖြင့် အစိုးရ၏အသုံးစရိတ် ရူပီး ၁၅,၀၉၅. ၈၃ ကုဋေကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

စားတော်ပဲတင်သွင်းခွန်ကို ပြန်လည်ကောက်ခံရန် ဆုံးဖြတ်ချက်သည် အိန္ဒိယစိုက်ပျိုးသူများအား ပိုမိုကောင်းမွန်သော ဈေးနှုန်းများရရှိစေရန် ကူညီပေးမည်ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့သည် အစိုးရက သတ်မှတ်ထားသော အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းများ(MSPs)ထက် လျော့နည်းသော နှုန်းထားများကိုသာ ရရှိနေခြင်းကြောင့်ဖြစ်သည်။ ပဲစင်းငုံဈေးနှုန်းများ သည် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၇,၅၅၀ MSP သတ်မှတ်ထားသော်လည်း ရူပီး ၇,၀၀၀ အောက်တွင် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။ မတ်ပဲဈေးနှုန်းမှာ ရူပီး ၇,၄၀၀ MSP သတ်မှတ်ထားသော်လည်း ရူပီး ၆,၁၅၀ တွင်ရှိနေကြောင်း သိရသည်။ ပဲတီစိမ်းဈေးနှုန်းမှာမူ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၈,၆၈၂ MSP သတ်မှတ်ထားသော်လည်း ရူပီး ၆,၅၅၇ ဖြင့် ဈေးခေါ်နေကြောင်း သိရသည်။

ထို့အပြင် ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနှင့် ရုရှားနိုင်ငံတို့ကဲ့သို့သော နိုင်ငံများတွင် သီးနှံအထွက်နှုန်းကောင်းမွန်မှုကြောင့် ကမ္ဘာ့ဈေးကွက်ရှိ ပဲမျိုးစုံဈေးနှုန်းများကျဆင်းခဲ့ ကြောင်း တွေ့ရှိရသည်။ အာဖရိကနိုင်ငံများတွင်လည်း ပဲစင်းငုံ(Tur)အထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ပဲမျိုးစုံအဖွဲ့ချုပ်(Global Pulses Confederation)မှ အချက်အလက်များအရ ပဲမျိုးစုံ၏ ဈေးနှုန်းများသည် လွန်ခဲ့သော ၃ လအတွင်း ၁၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် ပဲနီလေး(Green Lentils)ဈေးနှုန်းများသည် ဩဂုတ်လတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၆၅-၇၈၅ ရှိခဲ့သော်လည်း လက်ရှိတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၁၀-၆၄၀ အထိ ကျဆင်းခဲ့ကြောင်း သိရသည်။

အာဖရိကမှ ပဲစင်းငုံ(Pigeon Peas)ဈေးနှုန်းများသည် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၆၀၀ ကျော်မှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀ အထိ သိသိသာသာကျဆင်းခဲ့သည်။ အလားတူပင် ကုလားပဲ (Chickpeas)ဈေးနှုန်းများသည် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင်မှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ အောက်သို့ ထိုးဆင်းသွားခဲ့ကြောင်း သိရသည်။

Source:    The Hindu Businessline, India ends duty-free yellow peas imports, October 29, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News