ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်-တောင်ကိုရီးယားကုန်သွယ်မှုသည် တည်ငြိမ်စွာတိုးတက်လျက်ရှိပြီး လျှပ်စစ်စက်မှုထုတ်ကုန်များ(electro -mechanical products)သည် အဓိကကုန်သွယ်မှုတွန်းအားဖြစ်စေခဲ့ကြောင်း တရုတ်အကောက်ခွန်အာဏာပိုင်အဖွဲ့ (General Administration of Customs)၏ထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါကာလအတွင်း တရုတ်-တောင်ကိုရီးယားကုန်သွယ်မှုတန်ဖိုးသည် ယွမ် ၂.၁၄ ထရီလီယံ(အမေရိကန် ဒေါ်လာ ၃၀၄.၄၆ ဘီလီယံ)ရှိခဲ့ပြီး ယခင်နှစ်အလား တူကာလနှင့်နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ ကုန်ပစ္စည်းတန်ဖိုး ယွမ် ၁.၂ ထရီလီယံတင်သွင်းခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့ ကုန်ပစ္စည်းတန်ဖိုးယွမ် ၉၄၀ ဘီလီယံတင်ပို့နိုင်ခဲ့သည်။ အဆိုပါ ၁၁ လအတွင်း တရုတ်-တောင်ကိုရီးယားကုန်သွယ်မှုသည် တရုတ်နိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်း၏ ၅.၂ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့သည်။ အလားတူကာလအတွင်း တရုတ်-တောင်ကိုရီးယားလျှပ်စစ်စက်မှုထုတ်ကုန် ကုန်သွယ်မှုတန်ဖိုးသည် ယွမ် ၁.၄၃ ထရီလီယံအထိရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၉ ရာခိုင်နှုန်းတိုးတက်လာ၍ နှစ်နိုင်ငံစုစုပေါင်းကုန်သွယ်မှု၏ ၆၇ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။
တရုတ်နိုင်ငံ၏တောင်ကိုရီးယားနိုင်ငံမှ အီလက်ထရွန်းနစ်အစိတ်အပိုင်း (electronic components) တင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၉.၉ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ကွန်ပျူတာအစိတ်အပိုင်းနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းတင်သွင်းမှု(computer parts and computer accessories)သည် တစ်နှစ်ထက်တစ်နှစ် ၇.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသို့ အီလက်ထရွန်းနစ်အစိတ်အပိုင်းနှင့် မော်တော်ယာဥ်အစိတ်အပိုင်း(auto parts)တင်ပို့မှုတွင် ၁၀ ရာခိုင်နှုန်းနှင့် ၈.၉ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့သည်။
ဖွံ့ဖြိုးဆဲနယ်ပယ်များတွင် တရုတ်-တောင်ကိုရီးယားပူးပေါင်းဆောင်ရွက်မှုများသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံ၏ဆေးဝါးပစ္စည်းများ(medicinal materials)နှင့် ဆေးဝါးထုတ်ကုန်များ(pharmaceutical products)တင်သွင်းမှု သည် ၈.၉ ရာခိုင်နှုန်းနှင့် လျှပ်စစ်ပစ္စည်းကိရိယာများ(electrical equipment) တင်သွင်းမှုသည် ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။
၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း စိုက်ပျိုးရေးထုတ်ကုန်များ၌ နှစ်နိုင်ငံပေါင်းကုန်သွယ်မှုတန်ဖိုးသည် ယွမ် ၅၂.၁၉ ဘီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂.၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏တောင်ကိုရီးယားနိုင်ငံမှ အရက်(alcoholic beverages)၊ အချိုရည်(soft drinks)နှင့် ဂျုံမှုန့်အခြေခံအစားအစာထုတ်ကုန်များ(flour-based food products)တင်သွင်းမှု အားလုံးသည် ကိန်းဂဏာန်းနှစ်လုံးတိုးတက်မှုရှိခဲ့သကဲ့သို့ တောင်ကိုရီးယားနိုင်ငံသို့ အသီးအနှံခြောက်၊ လတ်ဆတ်အသီးအနှံ၊ အခွံမာသီးနှင့် လက်ဖက်ရည်ခြောက်တင်ပို့မှုသည်လည်း ကိန်းဂဏန်းနှစ်လုံးတိုးတက်မှုရှိခဲ့ကြောင်း အချက်အလက်များအရ သိရှိရသည်။
အရင်းအမြစ်။ https://en.people.cn/n3/2026/0105/c90000-20410201.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)